မြန်မာစကား သမိုင်းအတွက် (၁၃)

mdn

မောင်ခင်မင် (ဓနုဖြူ)

“ စကားလုံးတွေကို ပုံစံအမျိုးမျိုးနဲ့တွဲစပ်သုံးတာဟာ ဘာသာစကားရဲ့ သဘာဝတစ်ခုပဲ။ ပြောခဲ့တဲ့ အတိုင်း “အကြောင်း” တို့၊ “အနှိပ်အစက်”တို့လို ရှေ့ဆက်စကားတွဲပြီး သုံးတာမျိုးရှိသလို “သေခြင်း”လို နောက်ဆက်စကားတွဲသုံးတာမျိုး လည်းရှိပါတယ်။ ဒီလိုအရင်းခံစကားလုံးကို ရှေ့က၊ နောက်က ပစ္စည်းဆက်ပြီး ဖန်တီးတဲ့ စကားလုံးမျိုးကို “စကား” လို့ခေါ်တယ်။ အရင်းခံစကားလုံးကနေ ထပ်ပွားထားတာကိုး။ “စကားရော”လို့လည်း ခေါ်ကြတယ်။ စကားလုံးနဲ့ အဆက်ပစ္စည်း ရောသုံးထားလို့လေ ”

“ ဟုတ်ကဲ့ပါ”

“ နောက်တစ်မျိုးက အရင်းခံစကားလုံးချင်း ပေါင်းစပ်သုံးတာပဲ။ စကားပေါင်းလို့ ခေါ်တာပေါ့။ တစ်လုံးချင်းရှိနေတဲ့ စကားလုံးတွေကို လိုအပ်သလို ပေါင်းစပ်သုံးတာမျိုးတွေ ရာဇကုမာရ် ကျောက်စာမှာကတည်းက ရှိနေပြီလေ ”

 “ ဘယ်လိုစကားလုံးမျိုးပါလဲ ဆရာ ”

“ရာဇကုမာရ်ကျောက်စာမှာ “ ပယ်မယား” ဆိုတဲ့ စကားလုံးကို တွေ့မှာပေါ့။ ကျန်စစ်သားမင်း ရဲ့ မိဖုရားကို ပယ်မယားလို့ သုံးထားတာလေ။ “မယား”ကတော့ အရင်းခံပေါ့။ ပုဂံကျောက်စာ တွေမှာ “မယား”တို့ ၊ “လင်”တို့ အရင်းခံစကားလုံး တွေ တွေ့နေရပါပြီ။ ဇနီးတို့၊ ခင်ပွန်းတို့ ဆိုတာတွေ က နောက်မှ တွင်ကျယ်လာတာပါ။ ဒါဖြင့် “ပယ်မယား”ဆိုတာ ဘာလဲလို့ စူးစမ်းစရာရှိတာ ပေါ့” “ ဟုတ်ကဲ့ပါ”  “ပယ်” ဆိုတာ “ပီယ” ဆိုတဲ့ ပါဠိစကား ကိုယူထားတာလို့ ပညာရှင်တွေ ယူဆကြတယ်။ “ချစ်စွာသော”ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နောက်ခေတ်တွေမှာ “အဘယ်” လို့သုံးတယ်။ ဝေဿန္တရာ မင်းကြီးက မဒီဒေဝီကို “ အဘယ်မဒီ၊ အဘယ် မိဖုရား” လို့ ခေါ်တာမျိုးပေါ့။ ဒီတော့ “ပယ်မယား”  ဆိုတာ ချစ်စွာသောမိဖုရား၊ ချစ်မိဖုရားပေါ့ကွယ်”

“ ဟုတ်ကဲ့ပါ၊ သိပါပြီ ”

“ တန်ဆာဆိုတဲ့စကားလည်း စောစောပိုင်းကတည်းက သုံးနေပြီလေ။ ဒီနေ့အထိသုံးတာပဲ။ “တန်”နဲ့ “ဆာ”ပေါင်းပြီး “တန်ဆာ” ဖြစ်လာတယ် လို့ ယူဆရတာပေါ့။ “တန်” ဆိုတာက “တော်တယ်၊ သင့်လျော်တယ်” ဆိုတဲ့အဓိပ္ပာယ်၊ “ဆာ” ဆိုတာက “အပိုအဆာ” ဆိုတာလို ပဓာနမဟုတ်တဲ့ အသုံး အဆောင်ပစ္စည်းလို့ယူဆရတယ်။ “တန်” နဲ့ “ဆာ” တွဲတဲ့ “တန်ဆာ” ဟာ ပုဂံခေတ်အစောပိုင်း ကတည်းက သုံးနေတဲ့ စကားလုံးပဲလေ”

“ဟုတ်ကဲ့ပါ”

“နောက်တစ်လုံးက “ဂူဘုရား” ဆိုတဲ့ စကား လုံးပဲ။ ရာဇကုမာရ်ကျောက်စာမှာတော့ “ကူပုရှာ” လို့ ရေးတာပေါ့နော်။ ပါဠိ “ဂုဟာ” ကို မြန်မာက “ဂူ” လို့ မြန်မာမှုပြုထားတာ။ ပုဂံခေတ်က “ဂူ” ကို “ကူ” လို့ အသံပျော့နဲ့ ဖလှယ်ရေးတာ။ “ပု”က “ဘုရား” ပေါ့။ မြေစိုက်စေတီမဟုတ်ဘဲ အာရုံခံ တန်ဆောင်းပေါ်မှာ စေတီတည်ထားတဲ့ ဘုရားပုံစံ မျိုးကို “ဂူဘုရား” လို့ ခေါ်တာလေ။ ပုဂံခေတ်က အာနန္ဒာတို့ ၊ သဗ္ဗညုတို့၊ ဂူပြောက်ကြီးတို့ဟာ ဂူဘုရားတွေပဲပေါ့”

“ဟုတ်ကဲ့၊ နားလည်ပါပြီ ဆရာ”

“ပြီးတော့ နောက်စကားပေါင်းတစ်မျိုးက နာမ်နဲ့ ကြိယာပေါင်းပြီး ကြိယာအဖြစ်သုံးတဲ့ စကားပေါင်းပေါ့။ နာမ်ပေါင်းကြိယာလို့ ခေါ်တာပေါ့။ ခုခေတ်အထိ အင်မတန်အသုံးတွင်တဲ့ စကားပေါင်းမျိုးလေ။ “ရေချိုး၊ မိုးရွာ၊ စာကြည့်” ဆိုတာမျိုးတွေပေါ့။ ရာဇကုမာရ်ကျောက်စာ မှာလည်း “ရေသွန်း”တဲ့၊ “မင်းမူ” တဲ့။ ဒီစကားတွေကို ချဲ့လိုက်ရင် “ရေကို သွန်းသည်” ၊ “မင်းအဖြစ် ပြုမူသည်” လို့ ချဲ့ရမှာပေါ့”

“ဪ.. ဟုတ်ကဲ့ပါ”

“တစ်ဆက်တည်းပြောချင်တာက စကားလုံးတွေရဲ့ အဓိပ္ပာယ်ကျယ်လာတဲ့သဘောပဲ။ ပုဂံခေတ် တုန်းက “မင်းမူ”ဆိုတာ “မင်းပြု” ဆိုတဲ့ အဓိပ္ပာယ်ပါ။ “မူ” နဲ့ “ပြု” အဓိပ္ပာယ် အတူတူပဲပေါ့။ ဒါပေမယ့် ဒီစကားဟာ ခုခေတ်မှာ ဘယ်လိုအဓိပ္ပာယ်ရှိသလဲ”

“မင်းမူတယ်ဆိုတာ ဩဇာလွှမ်းမိုးတယ်၊ ဗိုလ်ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ထင်ပါတယ်ဆရာ”

“ဟုတ်ပါတယ်။ ဒီလူက တို့ရပ်ကွက်ကို လာပြီး မင်းမူနေတယ်” လို့သုံးရင် တို့ရပ်ကွက်ကို လာပြီး ဗိုလ်ကျနေတယ်လို့ဆိုတဲ့ သဘောပေါ့။ မူလအဓိပ္ပာယ်ထက်ပိုပြီး ကျယ်ပြန့်သွားတာပေါ့”

“ဟုတ်ကဲ့ပါ”

“ဪ.. မေ့သွားလို့ တစ်ခုပြန်ပြောပါ့မယ်။ ရာဇကုမာရ်ကို “ထိုပယ်မယားသား” လို့ ညွှန်းသလို “ထိုပယ်မယားသား အသား ရာဇကုမာရ်မည်သော သား”လို့ ညွှန်းထားတာလည်း တွေ့မှာပေါ့” “တွေ့ပါတယ် ဆရာ” “အဲဒီမှာ “အသား” ဆိုတာ စကားပိုပြီး ရေးမိတာလားလို့ တွေးရင် တွေးလို့ရတယ်။ ဒါပေမယ့် ရာဇကုမာရ်ကျောက်စာနဲ့ ခေတ်ပြိုင်လောက်ဖြစ်တဲ့ လောကထိပ်ပန် ဘုရားမင်စာမှာလည်း အဲဒီအသုံးမျိုးတွေ့ရတယ်။ ဘူရိဒတ်ဇာတ်မှာ နဂါးမရဲ့ သားနဲ့ သမီးကို “အသားနှစ်ယောက်” လို့လည်း ရေးတယ်။ “သားနှစ်ယောက်” လို့လည်း ရေးတယ်”

“ဪ.. ဟုတ်ကဲ့ပါ” “

ဒီတော့ “သား” ဆိုတဲ့ စကားရဲ့ ဇာစ်မြစ်ဟာ “အသား” ဖြစ်တယ်လို့သိရတာပေါ့။ မိခင်ရဲ့ အသွေး အသားဖြစ်လို့ အသားလို့ခေါ်ရာက “သား” လို့ ဖြစ်လာတယ်လို့ ယူဆနိုင်တာပေါ့။ တစ်ခါ သားနဲ့ သမီးကို “သားနှစ်ယောက်”လို့ ရေးတာ ကြည့်ရင်လည်း မွေးဖွားလာတဲ့ ကလေးကို ယောက်ျားလေး ဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် “သား” လို့ ခေါ်တာက အရင်းခံပဲဆိုတာ တွေ့ရတယ်။ နောက်ပိုင်းမှာ “သားယောက်ျား”၊ “သားမိန်းမ”လို့ ခွဲသုံးတာလည်း ရှိတယ်။ “သမီး” က နောက်မှ သုံးတဲ့အသုံးဖြစ်နိုင်တာပေါ့။ စကားလုံးတစ်လုံးရဲ့ အရင်းအမြစ်ကို ဖော်ထုတ်တဲ့အခါမှာ အဲဒီလိုအထောက်အထားတွေဟာ စဉ်းစားစရာပေါ့ကွယ်”

“စိတ်ဝင်စားစရာပါပဲ ဆရာ”

“နောက်အသုံးတစ်ခုက “ပယ်မယားသား” လိုပဲ “ငါ့သား၊ ငါ့မြေး” ဆိုတဲ့ အသုံးတွေပါတယ်။ ပိုင်ဆိုင် ခြင်းပြတဲ့ အသုံးတွေပေါ့။ “ပယ်မယား၏သား၊ ငါ၏ သား၊ ငါ၏ မြေး” ဆိုတာနဲ့ အတူတူပါပဲ။ “၏” မထည့်ဘဲ သုံးထားတာလေ။ စိတ်ဝင်စားစရာ တစ်ခုက ခုခေတ်သုံးတဲ့ “ငါ့သား၊ ငါ့မြေး” ဆိုတဲ့အောက်မြစ်သံကို “ငသား၊ ငမြေး” လို့ “c” နဲ့ ရေး ထားတာပဲ။ “ငါ” ရဲ့ အောက်မြစ်သံ “င” ပေါ့ကွယ်”

“ဒီလိုလည်း စဉ်းစားနိုင်တာပေါ့နော်၊ နားလည် ပါပြီဆရာ”

“စကားလုံးတွေကို “သော” တို့၊ “နှင့်” တို့လို နောက်ဆက်တွေ တွဲပြီး စကားလုံးထက်ရှည်တဲ့ ပုဒ်တွေဖြစ်အောင် ဖွဲ့ရတာလည်း ဘာသာစကားရဲ့ သဘာဝတစ်ခုပဲလေ။ ရာဇကုမာရ်ကျောက်စာ အရေးအသားကို ကြည့်ရင် “သော” ဆိုတဲ့နောက်ဆက်ပစ္စည်းကို တော်တော်တွင်တွင် ကျယ်ကျယ်သုံးတာ တွေ့ရတယ်။ ကဲ “သော” သုံးတဲ့ ပုဒ်တွေရှာကြည့်စမ်း ကွယ်” ။

““ဤ အရိမဒ္ဒနပူရမည်သု ပြည်၌” လို့ရေးထား တာဟာ “မည်သော ပြည်၌” နဲ့ အတူတူပဲလို့ သင် ဖူးပါတယ် ဆရာ”

“ဟုတ်ပါတယ်။ “မည်သုပြည်” ဆိုတာ “မည် သောပြည်” ပဲပေါ့”

“ထိုရာဇကုမာရ်မည်သော ပယ်မယားသားလို့ သုံးတာတွေ့ပါတယ် ဆရာ”

“ “ရွှေအတိသောဘုရားသခင်အဆင်း” တဲ့ ဆရာ” “ “ရွှေအထွတ်မူသော ဂူ”တဲ့ ဆရာ”

“ငါလှူခဲ့သော “ကျွန်” ဆိုတာလည်း ပါပါတယ်ဆရာ”

“ဟုတ်ပါပြီ။ “သော” ဆိုတဲ့ နောက်ဆက် ပစ္စည်းတွဲပြီး အထူးပြုတဲ့ပုဒ်တွေ တော်တော် များများပါတာ ထင်ရှားလောက်ပြီလေ”

“သမီးတစ်ခုမေးပါရစေ ဆရာ”

“မေးလေ” “ရာဇကုမာရ်ကကျန်စစ်သားမင်းကို လျှောက်ထားတဲ့စကားမှာ “ထိုကျွန်သုံးရွာ အတို့ကျွန် ငါ့သခင်ပေးသောသည်ကား” ဆိုတဲ့ပုဒ်မှာ ဘယ်သူက ကျွန်သုံးရွာပေးတဲ့သူလဲ၊ ဘယ်သူကကျွန်သုံးရွာ ရတဲ့သူလဲဆိုတာ အဓိပ္ပာယ်မရှင်းဘူးလို့ ထင်ပါတယ် ဆရာ”

“ဘယ်လိုမရှင်းတာပါလိမ့်”

“အတို့ကျွန် ငါ့သခင်ပေးသော” ဆိုတာ အတို့ကျွန်က ငါ့သခင်ကို ပေးတာလား၊ အတို့ကျွန်ကိုငါ့သခင်က ပေးတာလားဆိုတာ မသဲကွဲပါဘူး ဆရာ။ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်ထင်ပါတယ်”

“ နားလည်ပြီ၊ နားလည်ပြီ။ သမီးပြောတာ မှန်ပါတယ်။ “သည်” တို့၊ “ကို” တို့ဆိုတဲ့ နောက်ဆက် တွေမပါတော့ ဘယ်သူကပေးပြီး ဘယ်သူက ရတယ်ဆိုတာ မသဲကွဲဘူးပေါ့။ “ကျွန်သုံးရွာကို အတို့ကျွန်က ငါ့သခင်ကို ပေးတယ်” လို့လည်း အဓိပ္ပာယ်ကောက်နိုင်တာပဲ။ “ကျွန်သုံးရွာကို အတို့ကျွန်ကို ငါ့သခင်က ပေးတယ်” လို့လည်း အဓိပ္ပာယ်ကောက်နိုင်တာပဲလေ”

“ကျွန်တော်လည်း မေးပါရစေဆရာ။ ကျန်စစ်သားမင်းကြီးက ရာဇကုမာရ်ကို ပေးတယ် ဆိုတာက အမှန်မဟုတ်လား ဆရာ။ ဘာဖြစ်လို့ နှစ်မျိုးကောက်နိုင်တယ်လို့ ပြောတာပါလဲ”

“ဪ... ခက်ပါ့။ ကဲ... ကျန်စစ်သားက ရာဇကုမာရ်ကို ပေးတာလို့ မင်းပြောနိုင်တာ ဘာကြောင့်လဲ”

“ခင်ဗျာ... ဪ... သိပါပြီဆရာ။ ဒီဇာတ်လမ်း ကို သိနေလို့ ဒီလိုပြောနိုင်တာပါ”

“အေး... ဒီဇာတ်လမ်းကို သိမထားရင် အဓိပ္ပာယ်နှစ်မျိုးလုံး ဖြစ်နိုင်တာပဲမဟုတ်လား။ “ကို” တွေ၊ “က”တွေမှ မပါတာလေ”

“နားလည်ပါပြီ ဆရာ”

မြန်မာ့အလင်း