mdn

မောင်ခင်မင် (ဓနုဖြူ)

“ပုဂံခေတ်မှာ “သော” ဆိုတဲ့စကားတွေ တော်တော်တွေ့ရပါတယ်ဆရာ”

“အေး.. မင်းတို့ သင်ခဲ့ရမှာပေါ့။ အထူးပြုပုဒ်တွေရဲ့ အဆုံးမှာ “သော”ထည့်ပြီး ဆက်ဆက် ရေးတာလေ။ အပြောနဲ့အရေး မကွာခြားသေးဘူး ဆိုတဲ့ အယူအဆအရကြည့်ရင် အဲဒီတုန်းက ပြော စကားရဲ့ လက္ခဏာတစ်ခုလို့လည်း ဆိုနိုင်မှာပေါ့ကွယ်"

“ဟုတ်ပါတယ် ဆရာ။ သမီးက ဘာကိုသတိထားမိလို့လဲဆိုတော့ သမီးတို့သင်ရတဲ့ အထောလတ်ကျောက်စာမှာ အလှူရှင်က သူ့အလှူကို ဖျက်တဲ့သူတွေ စားသောထမင်းဟင်း၊ သောက်သောရေ၊ နေသောအိမ် ဆိပ်ဖြစ်စေ” လို့ ကျိန်စာဆိုထားတာ မှတ်မိနေလို့ပါ”

“ဟုတ်ပါပြီ၊ စားတာ၊ သောက်တာ၊ နေတာ အားလုံး အဆိပ်ဖြစ်ပါစေလို့ ကျိန်တာလေ။ တချို့ကျောက်စာတွေကျတော့ အဲဒီလို ‘သော’ နောက် ဆက်ပါတဲ့ပုဒ်တွေ အများကြီး ဆက်ထားတာလေ"

“ဘယ်ကျောက်စာမှာပါလဲ ဆရာ”

“ကျစွာမင်းအမိန့်တော်ပြန်တမ်းကျောက်စာမှာဆိုရင် ခိုးမှုကျူးလွန်သူတွေကို သတ်ခြင်းအမျိုးမျိုးနဲ့ သတ်တဲ့အကြောင်း ကြောက်စရာကောင်းအောင်ရေးထားတာ သင်ဖူးတယ် မဟုတ်လား”

“သင်ဖူးပါတယ် ဆရာ"

“အဲဒီသတ်နည်းတွေအားလုံး ‘သော’ တွေနဲ့ ချည်းရေးထားတာ။ ဒီမှာကြည့်လေ ‘ခိုးသူတို့ကား ဤလူတွင်လည်း အထူးထူးသော သတ်ခြင်းဖြင့် သတ်ကုန်၏။ အသို့သတ်ခြင်းနည်းဟူမူကား’ လို့ ရှေ့ကစကားခံပြီး သတ်နည်းအမျိုးမျိုးပြထားတာလေ။ ‘သရေနယ် သံဆူးတပ်၍ ခတ်သော’ တဲ့၊ ‘အဆူးရှိသော ကြိမ်လုံးခတ်သော’ တဲ့၊ ‘နားလှီး သော’တဲ့၊ ‘နှာခေါင်းလှီးသော’တဲ့၊ ‘ခြေလက်ဖြတ် သော’တဲ့၊ အဲဒီလို သတ်နည်းဖြတ်နည်းတွေ နောက်ဆုံး ‘ကိုယ်လက်ခပင်း အမှိုက်ရစ်၍ မီးဖုတ်သော’ ဆိုတဲ့ သတ်နည်းအထိ သတ်နည်းပေါင်း ၂၀ ကျော်တယ်။ အတိအကျ သိချင်ရင်တော့ ရေကြည့်ပေါ့”

“ဟုတ်ကဲ့ပါ”

“အဓိက ပြောချင်တာက အဲဒီနည်းတွေ မဟုတ်ပါဘူး။ အဲဒီနည်းတွေကို ဖော်ပြတဲ့အခါ အားလုံးကို ‘သော’ နောက်ဆက်တွေနဲ့ချည်း ဖော်ပြသွားတာကို ပြောချင်တာပါ။ ‘သော’နဲ့ ဆုံးတဲ့ အထူးပြုပုဒ်တွေချည်း ဖြစ်နေတော့၊ အထူးပြုခံမပါ သလိုပဲလေ”

“ဒါဆို ဒီပုဒ်တွေက ဘာကိုအထူးပြုတာပါလဲ ဆရာ”

“အရင်တုန်းကတော့ အဲဒီ ‘သော’ ဆုံးတဲ့ ပုဒ်တွေဟာ နာမ်ပုဒ်တွေများဖြစ်မလားလို့ တွေးမိ တယ်။ ခုခေတ်ဆိုရင်တော့ “နားလှီးခြင်း၊ နှာခေါင်း လှီးခြင်း၊ လက်ဖြတ်ခြင်း” ဆိုတာမျိုး ရေးမှာပေါ့”

“ဟုတ်ကဲ့ပါ"

“ဒါပေမယ့် အဲဒီပုဒ်တွေကို အထူးပြုပုဒ်တွေ အဖြစ်နဲ့ပဲ သုံးတယ်ဆိုတာ ဆက်ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ အဲဒီ’သော’ပါတဲ့ ပုဒ်တွေပြီးတော့ မှ ‘ဤသို့သော သတ်ခြင်း သတ်ကုန်၏”လို့ ဝါကျကို အဆုံးသတ်တာလေ။ ဒီတော့ အဲဒီ “သော” ပါတဲ့ ပုဒ်တွေဟာဘာကိုအထူးပြုတာလဲဆိုတာ တွေ့ပြီ လား”

“တွေ့ပါပြီ ဆရာ “သတ်ခြင်း’ဆိုတဲ့ နာမ်ပုဒ်ကို အထူးပြုတာပါ"

“ရှေ့ က “ဤသို့သော” ဆိုတဲ့ပုဒ်က ရှေ့က သတ်ခြင်းတွေ အားလုံးကို ခြုံပြီး ညွှန်းတဲ့ပုဒ်ပေါ့။ ပြီးတော့ ‘ဤသို့သော သတ်ခြင်း” လို့ ဆက်လိုက်တော့ ‘သတ်ခြင်း’ကို အထူးပြုတယ်ဆိုတာ ထင်ရှားတာပေါ့ကွယ်” “နားလည်ပါပြီဆရာ”

“မင်းတို့ အမှတ်တမဲ့နေလို့ပါ။ ဆယ်တန်းတုန်း ကမင်းတို့သင်ခဲ့ရတဲ့ “သိင်္ဃသူ့သမီးကျောက်စာ’မှာ လည်း သိင်္ဃသူ့သမီးရဲ့ ဆုတောင်းကို အဲဒီပုံစံမျိုး ရေးထားတာလေ”

“ဟုတ်ကဲ့ပါ”

“သိင်္ဃသူ့သမီးက “ငါလည်း”လို့ အစချီပြီး ‘ရမက်ကြီးသော၊ မရောင့်ရဲတတ်သော” အစချီတဲ့ “သော” ပါတဲ့ပုဒ်တွေနဲ့ သူမဖြစ်လိုတဲ့ စိတ်ထားတွေ ကို ‘မဖြစ်မူ၍’ ကို ပြပြီးတော့မှ ဖြစ်လိုတာတွေကို ပြတော့ မဖြစ်လိုတာတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ “ရမက်နည်းသော၊ အောက်မေ့တသရှိသော” အစ ချီတဲ့ “သော” ပါတဲ့ ပုဒ်တွေနဲ့ ဆက်ပြတယ်။ ပြီးတော့မှ ‘ဤသို့သောကျေးဇူးတို့နှင့် ပြည့်စုံလျက်” လို့ ဆိုလိုက်တော့ အဲဒီ “သော” တွေနဲ့ အထူးပြုတဲ့ နာမ်ပုဒ်ဟာ “ကျေးဇူး’ ဆိုတဲ့ နာမ်ပုဒ်ဖြစ်တယ်ဆိုတာ ထင်ရှားသွားတာပေါ့ကွယ်”

“နားလည်ပါပြီဆရာ”

“တစ်ခုစဉ်းစားစရာရှိတာက အပြောနဲ့ အရေး ကွဲပြားမှု နည်းသေးတယ်လို့ ဆိုပေမယ့် တကယ် စကားပြောရင် ဒီလောက်ရှည်တဲ့ ဝါကျကြီးမျိုး ပြောပါ့မလားလို့ စဉ်းစားစရာပေါ့။ စကားအဖြစ် ပြောရင်တော့ ဝါကျတိုတိုတွေပဲ ပြောပြီး စာရေးတဲ့ အခါကျတော့သာ ခုလို တစ်ဆက်တစ်စပ်တည်း ပြေပြေပြစ်ပြစ် ရေးလာတာလို့ ယူဆရတာပေါ့” “ဟုတ်ကဲ့” “ဒီတော့ အပြောနဲ့အရေး တူတယ်ဆိုပေမယ့် ပြောတဲ့အတိုင်း အတိအကျရေးတာမျိုးထက် အပြောစကားတွေကို အခုလိုပြေပြေပြစ်ပြစ်သုံးပြီး “အပြောစကားပြေ’ အဖြစ် ရေးတာမျိုးလို့ ပြောရင် ပိုပြီး အကျိုးအကြောင်းသင့်မှာပေါ့ကွယ်” ။

“မှတ်သားထားပါ့မယ် ဆရာ”

“နောက်တစ်ခုက ပုဂံခေတ်ဝါကျတွေမှာ “၏” ဆိုတဲ့အဆုံးသတ်ပစ္စည်းနဲ့ ဆုံးတာများတယ်ဆိုတာ သတိထားမိကြမှာပေါ့”

“ဟုတ်ပါတယ် ဆရာ။ အခုခေတ်မှာ ဝါကျကို အဆုံးသတ်ရင် “သည်” နဲ့ အဆုံးသတ်တာများ ပေမယ့် ပုဂံခေတ်မှာ ‘သည်’ နဲ့ အဆုံးသတ်တဲ့ ဝါကျမျိုး မတွေ့သေးပါဘူး ဆရာ”

“ဟုတ်တယ်။ ဝါကျကို “သည်” နဲ့ ဆုံးတာကို တော်တော်ကလေးနောက်ကျမှတွေ့ရတယ်။ အဲ.. ပြုလုပ်သူကိုပြတဲ့ ကတ္တားနောက်ဆက် “သည်” ကို တော့ ပုဂံခေတ်မှာ တွေ့နေရပြီနော်”

“ဟုတ်လားဆရာ၊ ကျွန်တော်တို့သတိမထားမိပါဘူး”

“မင်းတို့ သင်ဖူးမှာပါ။ ၅၁၂ ခုနှစ်မှာ ထိုးတဲ့ တောင်ဂူနီဘုရားကျောက်စာမှာ “သိင်္ဃသူရ်မည်သော ဒါယကာသည်” လို့ ကတ္တားနောက်ဆက် ‘သည်’ ကို သုံးနေပါပြီ။ အဲ... ဝါကျအဆုံးသတ်ကတော့ ‘၏’ကိုပဲ အများဆုံးသုံးတာပါ။ တစ်ခါတစ်ခါကျတော့ “တည်း” ကိုလည်း ဝါကျအဆုံးသတ်မှာ သုံးပါတယ်။ “သဗ္ဗညုတဉာဏ်ဘုရားရလိုသောတည်း”လို့ သုံးတာမျိုးပေါ့။ ပုဂံခေတ် စာလုံးပေါင်း နဲ့တော့ ‘ရလိုဝ်သော တေ” လို့ ရေးတာပေါ့။ အဲဒီ ‘သောတည်း’ကနေပြီး “သတည်း” ဖြစ်သွားတာပေါ့ကွယ်”

* “ဖြစ်ပါစေသတည်း” ဆိုတာမျိုးပေါ့နော် ဆရာ”

“ဟုတ်ပါတယ်။ ကျွန်တွေလှူတဲ့အခါ ကျွန်နာမည်စာရင်းကို တစ်ယောက်စီပြပြီး ဝါကျအဆုံး မှာ “ အပေါင်းကြီးကား ၉၅ ယောက် ဟုတ္တာ” ဆိုတာမျိုး ဝါကျကို အဆုံးသတ်တာလည်း ရှိတယ်။ “ဟုတ္တာ’ဆိုတာ ‘ဟုတ်သည်” “ဟုတ်တည်း’ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ခုခေတ်စကားနဲ့ ဆိုရင်တော့ “ဟုတ်တယ်” ပေါ့ကွယ်”

“အဲ... ဝါကျတစ်ခုအတွင်း ပုဒ်တွေ၊ ဝါကျခွဲ (ဝါကျကဏ္ဍ) တွေကို အဆုံးသတ်ရာမှာ ထူးခြားတဲ့ အဆုံးသတ်ပစ္စည်းတစ်ခုက “၍၊ ၏ ‘ ဆိုတဲ့အသုံးပဲကွဲ "

“ဟုတ်ကဲ့ပါ”

“ခုခေတ်ဆိုရင်တော့ ဝါကျမဆုံးသေးရင် ‘၍” ဆိုတဲ့ အဆုံးသတ်ပစ္စည်းသုံးတာပေါ့။ ပုဂံခေတ်တုန်းကတော့ “၍၊ ၏” ဆိုပြီး “၍” ရော၊ ‘၏” ရော နှစ်ခုတွဲသုံးတာ ခုခေတ်နဲ့မတူတဲ့အချက် တစ်ချက်ပဲ”

“ဟုတ်ကဲ့ပါ”

“ပုဒ်တွေရဲ့ အဆုံးမှာ “ကား” နဲ့ “တည်း”ကိုလည်း တော်တော်သုံးတာ တွေ့ရတယ်။ လေးနက်အောင် သုံးတာလို့ ယူဆရတယ်။ ပြီးတော့ ရာဇကုမာရ်ကျောက်စာမှာ “ငါ့သားလည်းကောင်း၊ ငါ့မြေးလည်းကောင်း၊ ငါ့အဆွေလည်းကောင်း၊ သူတစ်ထူးလည်းကောင်း” လို့ အတူပါဝင်တဲ့ အဓိပ္ပာယ်နဲ့ နောက်က “လည်းကောင်း” သုံးတာ စတွေ့ရတယ်”

“ဆရာ လည်းကောင်းက နှစ်လုံးတွဲပြီး လည်းကောင်း.. လည်းကောင်းလို့ သုံးမှ မှန်တယ် မဟုတ်လား ဆရာ”

“ခုခေတ်မှာတော့ သမီးပြောသလို နှစ်ခုတစ်ပြိုင်တည်း ရည်ညွှန်းတဲ့အခါ ‘လည်းကောင်း’ နှစ်ခုတွဲသုံးရတာ ပုံမှန်အသုံး ဖြစ်နေပြီလေ။ အရင်တုန်းကတော့ ဒီလိုမဟုတ်ဘူးကွဲ”

“ဟင်... ဘယ်လိုသုံးပါသလဲဆရာ”

“အခု ရာဇကုမာရ်ကျောက်စာမှာ ‘သား မြေး။ အဆွေ၊ သူတစ်ထူး’ ဆိုတဲ့ ရည်ညွှန်းစရာ လေးခုပါ လို့ ‘လည်းကောင်း’လေးလုံးသုံးတာ၊ တချို့စာတွေမှာ “သွားရအံ့သည်လည်းကောင်းတကား’ ဆိုပြီး “လည်းကောင်း” တစ်ခုတည်း သုံးတာမျိုးလည်းရှိတယ်ကွဲ။ ရည်ညွှန်းတဲ့ အကြောင်းအရာက တစ်ခုတည်းမို့ ‘လည်းကောင်း” တစ်ခုပဲသုံးတယ်လို့ ဆိုနိုင်တာပေါ့။ ဒါက ဘာကိုပြသလဲဆိုရင် သဒ္ဒါ အသုံးတွေ တစ်ခေတ်နဲ့တစ်ခေတ် မတူဘဲ ပြောင်းလဲလာတဲ့ သဘောပဲပေါ့ကွယ်”

“စဉ်းစားစရာတွေ တော်တော်ရပါတယ် ဆရာ”

“ဆရာ အစမှာ ပြောခဲ့သလိုပဲ မြန်မာစာ အရေး အသားကို အထောက်အထားပြုပြီး မြန်မာစကား သမိုင်းကို လေ့လာစူးစမ်းကြည့်ရင် ဒီအချက်တွေ တွေ့ရမှာပေါ့ကွယ်။ ကဲ.. နားကြဦးစို့”

မြန်မာ့အလင်း