မောင်ခင်မင် (ဓနုဖြူ)
“ပုဂံခေတ်မှာ လယ်ယာနဲ့ဆိုင်တဲ့ ဝေါဟာရတွေ ရှိနေပြီပေါ့နော် ဆရာ”
“ရှိနေပြီပေါ့ကွယ်။ မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးတဲ့ နိုင်ငံဆိုတော့ လယ်ယာနဲ့ပတ်သက်တဲ့ ဝေါဟာရတွေ အများကြီးရှိတာပေါ့။ ‘လယ်’ မှာ ‘သန်လယ်’၊ ‘မုရင်းလယ်’ ဆိုပြီး တွေ့ရတယ်။ ‘သန်လယ်’ ကို မိုးတွင်းစိုက်တဲ့လယ်လို့ ဖွင့်ဆိုကြတယ်။ ‘သန်’ ဆိုတာ “ဝဿာန’ တို့ ‘ဝသန္တ’ တို့ ဆိုတဲ့ ပါဠိစကားက ဆင်းသက်တာပေါ့။ ‘မုရင်း လယ်’ က မူရင်း စပါးစိုက်တဲ့ လယ်ပေါ့။ ‘မိုးရင်း လယ်” လို့လည်း ရေးတယ်။ မိုးဦးမှာစိုက်တဲ့လယ် လို့ ဖွင့်တယ်"
“ဟုတ်ကဲ့ပါ”
“ဥယျာဉ်ကိုင်း၊ ယာ” ဆိုတဲ့ဝေါဟာရတွေလည်း တွင်ကျယ်နေပြီ။ ဥယျာဉ်ကို ‘ဥယန်’ လို့ ရေးလေ့ ရှိတယ်။ ပါဠိ ‘ဥယျာန’ က ဆင်းသက်တဲ့ စကားပဲ။ ဥယျာဉ်မှာ သီးပင်စအပင်တွေ စိုက်ပျိုးတာပေါ့။ ရှင်ဒိသာပါမောက္ခဆိုတဲ့ မထေရ်က တရုတ်တွေ မြန်မာပြည်ထဲ ကျူးကျော်လာတော့ တရုတ်ပြည်ကို သွားပြီး မွန်ဂိုဘုရင် ကူဗလိုင်ခန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အကြောင်း ကျောက်စာရေးထိုးထားတာ မင်းတို့သိမှာပေါ့”
“သိပါတယ်ဆရာ၊ ရှင်ဒိသာပါမောက္ခ ကျောက်စာပါ"
“ရှင်ဒိသာပါမောက္ခကို ကျောက်စာထဲမှာတော့ ‘ဒိသာကြွက်’ လို့ရေးတယ်။ သက္ကတစကားအတိုင်း ရေးတာပေါ့။ ‘ပါမောက္ခ’ ဆိုတဲ့ ပါဠိစကားနဲ့ ‘ပြမုခ’ ဆိုတဲ့ သက္ကတစကားနဲ့ အတူတူပဲလေ။ အဲဒီ ရှင်ဒိသာပါမောက္ခက မွန်ဂိုမင်းကို ဥယျာဉ်မှူးနဲ့ နှိုင်းပြီး ‘ဥယျာဉ်စိုက်သော ယောက်ျားကား ရေသွန်း၍ သစ်ပင်ကို ကြီးစေ၏။ အညွန့်မဆိတ် တကား။ သစ်ပင်သီးပြီးသောတည်း အသီးစား၏’ လို့ မိန့်ဆိုခဲ့တယ်။ ပုဂံပြည်ကို ဥယျာဉ်နဲ့ တင်စားပြီး ဥယျာဉ်ကို စိုက်ပါ။ အသီးသီးရင် စားပါ။ အညွန့် မဆိတ်ပါနဲ့လို့ သွယ်ဝိုက်ပြောတာပေါ့ကွယ်"
“မှတ်သားစရာပါဆရာ”
“ဪ... ရှင်ဒိသာပါမောက္ခက မွန်ဂိုမင်းကို ‘စပါးကား ပြည်စည်းစိမ်အမြစ်မဟုတ်လော’ လို့လည်း မိန့်ကြားသေးတယ်။ “စပါး” ဆိုတဲ့ ဝေါဟာရလည်း တွင်ကျယ်နေပါပြီ။ ‘လယ်သည်’ ၊ ‘လယ် သူ’ ဆိုတဲ့ ဝေါဟာရတွေလည်း သုံးနေပြီပေါ့”
“တခြားအလုပ်အကိုင်တွေရော ဆရာ”
“ကျောက်စာတွေထဲမှာ ဘုရားလှူတဲ့ကျွန်တွေရဲ့ နာမည်တွေ၊ အလုပ်အကိုင်တွေကို မှတ်တမ်း တင်ထားတာ။ အလုပ်အကိုင်ဝေါဟာရ အမျိုးမျိုး ပါတာပေါ့”
“သိပါရစေဆရာ”
“ ‘ထမင်းသည် ဟင်းသည်’ ဆိုတဲ့ ဝေါဟာရတွေတွေ့တော့ ထမင်းရောင်းတဲ့သူ၊ ဟင်းရောင်းတဲ့သူလို့ ထင်စရာပဲ။ ပုဂံခေတ်မှာ ‘သည်’ ဟာ ‘ကျွမ်းကျင်သူ’ ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ထမင်းချက်၊ ဟင်းချက်ကျွမ်းကျင်သူကို ဆိုလိုတာပေါ့။ ‘ပိုက်သည်’၊ ‘ကွန်သည်’ဆိုတာ ငါးဖမ်းတဲ့သူပေါ့ကွယ်။ ‘ပုခြည်သည်၊ ယန်သည်’ ဆိုတဲ့ ဝေါဟာရတွေက ရက်ကန်းလုပ်ငန်း လုပ်တဲ့သူတွေကို ခေါ်တာပါ”
“ဟုတ်ကဲ့ပါ"
“အဲ... အနုပညာရှင် အမျိုးမျိုးကိုခေါ်တဲ့ ဝေါဟာရတွေလည်း တော်တော်ပါတယ်။ ဒီနေ့ ‘ပန်းဆယ်မျိုး’လို့ လူသိများတဲ့ ပန်းချီ၊ ပန်းပု၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းတမော့၊ ပန်းတော့” စတဲ့ ဝေါဟာရတွေ ရှိတယ်၊ အဲ ‘ပန်းရန်’ ကိုတော့ ပုဂံခေတ်က “ပုရန်” လို့ ရေးတယ်ကွဲ”
“ဟုတ်ကဲ့ပါ”
“ပြီးတော့ အဆို၊ အတီး၊ အကပညာရှင် တွေဆိုပါတော့။ ‘စည်သည်’ ‘ပသာသည်’၊ ‘ခွက် ခွင်းသည်’၊ ‘နောင် နှင်းသည်’၊ ‘ခရာသည်’၊ ‘ညင်း သည်’ ဆိုတဲ့ ဝေါဟာရတွေလည်း ရှိတယ်။ စည်။ ပတ်သာ၊ ခွက်ခွင်း၊ နောင်နှင်းဆိုတာတွေက တီးရတဲ့တူရိယာတွေပေါ့။ ခရာတို့၊ ညင်းတို့က မှုတ်ရတဲ့ တူရိယာတွေ။ အဲဒါတွေကို တီးမှုတ်တဲ့ သူတွေပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“ခုခေတ်အထိတွင်ကျယ်နေတဲ့ ‘ပန်တာ’ ဆိုတဲ့ ဝေါဟာရလည်း ပုဂံခေတ်မှာ သုံးနေပြီ။ ကျွန်တွေရဲ့ အလုပ်တွေထဲမှာ ‘ကုလားပန်ကျော၊ မြန်မာပန်တျာ’ လို့တောင် ခွဲပြထားတာတွေ့ရတယ်” ။
“ပန်တျာရဲ့ အဓိပ္ပာယ်က ဘာပါလဲဆရာ”
“အသုံးတွေကို လေ့လာကြည့်တော့ ‘ပန်တျာ’ ရဲ့ အဓိပ္ပာယ်က တော်တော်ကျယ်တာကို တွေ့ရတယ်။ ‘စည်ကြီးပန်တျာ’၊ ‘ပန်တျာစည်’ ဆိုတဲ့ အသုံးတွေအရတော့ ‘ပန်တျာ’ဟာ တီးရတဲ့စည်ပဲ။ တူရိယာပေါ့။ ဒါတင်မက တူရိယာတီးတဲ့သူရော၊ တူရိယာပညာရော ပန်တျာလို့ ခေါ်တာပေါ့ကွယ်။ ခုခေတ်မှာ အဆို၊ အတီး အက သင်တဲ့ကျောင်းကို ပန်တျာကျောင်းလို့ ခေါ်နေတာ သတိထားမိတယ် မဟုတ်လား”
“သတိထားမိပါတယ် ဆရာ" “ဝေါဟာရတွေကို အဓိပ္ပာယ်ဖွင့်ရတာ သိပ်တော့ မလွယ်လှဘူးကွဲ။ ပညာရှင်တွေ အစဉ်အဆက် အဓိပ္ပာယ်ဖွင့်ခဲ့ကြတာ။ တချို့ ဝေါဟာရတွေကျတော့ ရှေ့နောက်ဆက်စပ်ပြီး ပြန်ပြုပြင်ရတာတွေလည်း ရှိတာပေါ့”
“ဘယ်လိုဟာမျိုးလဲ ဆရာ”
“အလုပ်အကိုင်တွေထဲမှာ ‘ပိသည်’ ဆိုတာပါတော့ ပညာရှင်တွေက ‘ငါးပိလုပ်တဲ့သူ’ လို့ ပထမ ဖွင့်ခဲ့ကြတယ်။ နောက်အဆက်အစပ်အရ ‘အင်္ဂတေ ထောင်းခ ပိသည်ပေးသော’ ဆိုတဲ့အသုံးကို ကြည့် တော့ ‘ပိသည်’ ဆိုတာ အင်္ဂတေထောင်းတဲ့သူကို ဆိုလိုကြောင်း သိလာရတာပေါ့။ အင်္ဂတေကို ပိပြား သွားအောင် ထောင်းတဲ့အလုပ်ကို ခေါ်တာလေ”
“ဪ... ဟုတ်ကဲ့ပါ”
“ကလေးငယ်တွေကို ရည်ညွှန်းတဲ့ ဝေါဟာရ တွေမှာ ‘ပုစု၊ နို့စို့၊ စာတတ်’ လို့ တွေ့ရတော့ မွေးခါစ အရွယ်၊ နို့စို့အရွယ်ရယ်၊ စာတတ်တဲ့အရွယ်ရယ်လို့ အဓိပ္ပာယ်ကောက်ကြတယ်။ ရှေ့ နောက်ဆက်စပ် ကြည့်တော့ ‘စာတတ်’ ဆိုတာ စာတတ်တာကို ဆိုလိုတာမဟုတ်ဘဲ စားစရာကို ယူစားတတ်တဲ့ အရွယ်မို့ ‘စားတတ်’ လို့ ခေါ်တာဖြစ်မယ်။ အဲဒီ အယူအဆက ပိုပြီးဖြစ်နိုင်တယ်လို့ ယူဆပြီး ပြင်ဆင်ရတာမျိုးတွေလည်း ရှိတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“အမျိုးသမီးနာမည်ရှေ့မှာ ‘ကမယ်’ လို့ဖော်ပြ ထားတာတွေ့ရင် ‘မုဆိုးမ’ကို ဆိုလိုကြောင်း သိရတယ်။ မွန်စကားလို့ သိရတယ်” ။
“ဆရာ အမျိုးသားနဲ့ အမျိုးသမီး နာမည်ချင်း၊ ဘယ်လိုခွဲပါသလဲ ဆရာ”
“ခုခေတ်မှာ ‘မောင်-မ၊ ဦး-ဒေါ်’ဆိုတဲ့ စကားတွေနဲ့ ကျားမခွဲသလို ပုဂံခေတ်မှာ ခွဲတာက ယောက်ျားဆိုရင် ရှေ့မှာ ‘c’ ထည့်တယ်။ မိန်းမ ဆိုရင် ‘အို’ ထည့်တယ်။ ပုဂံခေတ်ကတော့ ‘အိုင်’ လို့ ရေးတာပေါ့ကွယ်။ ဒီတော့ “ငပန်၊ ငဆု၊ ငလှ" ဆိုရင် ယောက်ျားပေါ့။ ‘အံ့သော၊ အဲမွေ၊ နို့ပုံ’ ဆိုရင် မိန်းမပေါ့။ အဲဒီလို သိနိုင်တာပေါ့”
“ဆရာ၊ ပုဂံခေတ်မှာ မြန်မာတိုင်းရင်းသား လူမျိုးနာမည်တွေ ဘာတွေရှိပါသလဲဆရာ”
“အဲဒါအရေးကြီးတာပေါ့။ ဒီနေရာမှာတော့ သမိုင်းပညာရှင်ဆရာကြီးဒေါက်တာ သန်းထွန်းရဲ့ စာတမ်းကို ကိုးကားပြောရမှာပဲ။
“ ‘ခေတ်ဟောင်းမြန်မာရာဇဝင်’ စာတမ်းထဲက ‘ပုဂံခေတ်လူမှုရေး’ ကဏ္ဍမှာ ဆရာကြီးက လူမျိုးနာမည်တွေကို ( အက္ခရာစဉ်ပြီး ပြထားတယ်ကွေ့။ ဟောဒီမှာ စာမျက် နှာ ၁၉၄ မှာ ဖတ်ကြည့်စမ်းပါ”
“လူမျိုးအရ ကုလ(ကုလား)၊ ကန်တူ(ကဒူး)။ ကြွမ်(ကမ္ဘောဇသား)၊ ချင်(ချင်း)၊ စကြင်(ကရင်)။ စိန်(တရုတ်)၊ တရုတ် (မွန်ဂို)၊ တောင်သူ(ကရင်) ပျူ မြန်မာ၊ မွန်၊ ယဝ်( ယော)၊ ရခိုင်၊ လ၀၊ သက်၊သဝ်(သော)နှင့် သျှမ်(ရှမ်း)ဟူ၍ ရှိပါသည်... တဲ့ဆရာ"
“သိပ်အဖိုးတန်ပါတယ်။ ဆရာကြီး ဒေါက်တာ သန်းထွန်းက ကျောက်စာတွေ အားလုံးလေ့လာပြီး ထုတ်ပြထားတဲ့ လူမျိုးနာမည်တွေပေါ့။ မြန်မာတိုင်းရင်းသားတွေအပြင် ပြည်ပကလာရောက် နေထိုင်တဲ့ နိုင်ငံခြားသား ခေါ်ရမှာပေါ့။ အဲဒီလူမျိုးတွေထဲမှာ ‘ကုလား’ ပါတယ်။ ‘စိန်’ ဆိုတာက တရုတ်ပေါ့။ စိန့်တိုင်း၊ စိနရဋ္ဌတိုင်းလို့ တရုတ်ပြည် ကို ညွှန်းလေ့ရှိတယ်။ မွန်ဂိုကို ‘တရုတ်” လို့ ရေးလေ့ရှိတယ်။ ပုဂံခေတ်တုန်းက ကျူးကျော်လာတဲ့ မွန်ဂိုလူမျိုးတွေပေါ့။ ကျန်တဲ့လူမျိုးတွေကတော့ ဒီနေ့ရှိနေတဲ့ တိုင်းရင်းသားလူမျိုးတွေရော၊ ပျောက်ကွယ်သွားတဲ့ ‘ပျူ’ လို လူမျိုးတွေရော ပါတာပေါ့ကွယ်” ။
“ဟုတ်ကဲ့ပါ။ နားလည်ပါပြီ ဆရာ"
“ကဲ... ဒီတော့ ဆရာတို့ အစပြန်ကောက်ရအောင်။ စာအရေးအသားပေါ်ချိန်ကစခဲ့ မြန်မာ ဘာသာစကားသမိုင်းအတွက် လေ့လာစရာ အချက်အလက်တွေကို ပုဂံခေတ်ကျောက်စာ၊ မင်စာတွေထဲက ထုတ်ကြည့်ရင် ဒီလိုတွေ့နိုင်တယ်ဆိုတာကို နမူနာအနေနဲ့ ဆရာတို့ ကြည့်ခဲ့ကြတာမဟုတ်လား”
“ဟုတ်ပါတယ်ဆရာ”
“ဘာသာစကားတစ်ခုကို လေ့လာရင် ဗျည်းသံ၊ သရသံတွေ၊ မြန်မာစကားမှာတော့ တက်ကျသံလည်း ပါတာပေါ့။ ပြီးတော့ အဲဒီစကားသံတွေကို စက္ကလို့ခေါ်တဲ့ စကားသံစုတွေအဖြစ် ဘယ်လိုဖွဲ့တယ်။ စကားလုံးတွေ ဘယ်လိုဖွဲ့တယ်။ ပုဒ်တွေ၊ ဝါကျခွဲတွေ၊ ဝါကျတွေ ဘယ်လိုဖွဲ့တယ်၊ အနက်အဓိပ္ပာယ်တွေ ဘယ်လိုသက်ရောက်တယ်၊ ဝေါဟာရတွေ ဘယ်လိုဖန်တီးတယ် ဆိုတာတွေကို အဆင့်ဆင့် လေ့လာကြည့်တာပါပဲ။ ပြီးတော့ အဲဒီကဏ္ဍတွေ သမိုင်းကြောင်းတစ်လျှောက် တစ်ခေတ်ကနေတစ်ခေတ် ဘယ်လိုပြောင်းလဲလာတယ်ဆိုတာ ဆက်လေ့လာနိုင်တာပေါ့။ ဒီလိုလေ့လာရာမှာ စာအရေးအသားကို အထောက်အထားအဖြစ် အားကိုးအားထားပြုရတာမို့ မှတ်တမ်းတင်ပြီးသား ရှိနေတဲ့ ခေတ်အဆက်ဆက် စာအရေးအသားတွေကို အခြေခံပြီး လေ့လာရမှာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ ဆရာ”