mdn

မောင်ခင်မင် (ဓနုဖြူ)

"ခေတ်အဆက်ဆက်ရေးခဲ့တဲ့ စာပေတွေကို လေ့လာပြီး ဘာသာစကားသမိုင်းကို ပညာရှင်တွေ ဖော်ထုတ်ကြတာမို့ အဲဒီစာပေတွေဟာ ဘာသာ စကားသမိုင်းအတွက် အရေးကြီးတဲ့အထောက် အထားတွေပေါ့ကွယ်”။

“အထောက်အထားတွေရဲ့ တန်ဖိုးကို ဆရာ ရှင်းပြလို့ကျွန်တော်တို့ သိရပါတယ်ဆရာ၊ ဆရာ့ကို ကျေးဇူးတင်ပါတယ်”

“အဲဒီစာပေအ ထောက်အထားတွေမှာ မူရင်း အထောက်အထားတွေကတော့ အခိုင်မာဆုံးပေါ့ကွယ်"

“ဘယ်လို အထောက်အထားမျိုးကို မူရင်း အထောက်အထားလို့ သတ်မှတ်ရပါမလဲဆရာ”

“မူလရေးစဉ်ကအတိုင်း မပြောင်းလဲဘဲရှိနေတဲ့ အထောက်အထားကို မူရင်းအထောက်အထားလို့ ခေါ်ရမှာပေါ့ကွယ်” ။

“ဒါဆိုရင်ကျောက်စာတွေက မူရင်းအထောက် အထားတွေပေါ့နော် ဆရာ”

“အင်း၊ ကျောက်စာတွေ၊ မင်စာတွေ၊ အုတ်ခွက်စာ၊ စဉ့်ကွင်းစာ၊ ခေါင်းလောင်းစား၊ အရိုးအိုးစာ အစရှိတဲ့ စာတွေဟာ မူလရေးထားတဲ့အတိုင်း မပျက်မစီးတည်ရှိနေတာမို့ မူရင်းအထောက် အထားတွေပေါ့”

“ဆရာ ပျို့၊ ကဗျာ၊ လင်္ကာတွေကိုရော မူရင်း အထောက်အထားလို့ မသတ်မှတ်နိုင်ဘူးလား”

“စဉ်းစားကြည့်ရင်း ပျို့ဆိုပါတော့။ ပျို့တွေဟာ အင်းဝဆော်မှာစပေါ်တဲ့ အစောဆုံးကဗျာ ရှည်ကြီးတွေလေး၊ မော်ကွန်းတို့၊ ဧချင်းတို့လည်း အပါအဝင်ပေါ့။ အဲဒီကဗျာတွေကို ဘယ်အပေါ်မှာ ဘာနဲ့ ရေးခဲ့ကြတာလဲ။ ဘယ်လို မှတ်သားရသလဲ”

“ပေပေါ်မှာ ကညစ်နဲ့ ရေးခဲ့ကြတယ်လို့ မှတ်သားရပါတယ်ဆရာ”

"ဒီလိုဆိုရင် အင်းဝခေတ်မှာ၊ ဆိုပါတော့ ရှင်မဟာရဋ္ဌသာရတို့၊ ရှင်မဟာသီလဝံသတို့ အဲဒီရဟန်းစာဆိုတော်ကြီးတွေ စပြီးရေးဖွဲ့ခဲ့တဲ့ ပေစာ မူရင်းတွေရှိမှာပေါ့။ ဘယ်မှာရှိမယ်ထင်သလဲ"

“ဆရာ၊ အင်းဝခေတ်က ပေစာတွေက နှစ် ၅၀၀ ကျော် ၆၀၀ လောက်ရှိပြီဆိုတော့ အခုမရှိနိုင် တော့ဘူး ထင်ပါတယ်။ ဒါလောက်ကြာကြာ မခံပါ ဘူး။ ပျက်စီးသွားတာပေါ့”

“အဲဒါအရေးကြီးတဲ့အချက်ပဲ။ အင်းဝခေတ်ကရေးတဲ့ မူရင်းပေဆိုတာ အခုထိ မပျက်မစီး ရှိနေဖို့မလွယ်ဘူး။ ကုန်းဘောင်ခေတ်က ရေးတဲ့ ပေတွေတောင် တော်တော်ရှားရှားပါးပါးကျန်မှာလေ။ နောက်တစ်ဆင့် စဉ်းစားကြည့်ရအောင်။ ရှင်မဟာရဋ္ဌသာရရေးဖွဲ့တဲ့ ကိုးခန်းပျို့ ဆိုပါတော့။ ဆရာတော်ရေးခဲ့တဲ့ မူရင်းပေစာတော့ မရှိတော့ဘူး။ ဒါပေမယ့် ကိုးခန်းပျို့ကို ခုခေတ်မှာ ဆရာ တို့၊ မင်းတို့ လေ့လာနိုင်ကြတယ် မဟုတ်လား။ ဘာကြောင့်ပါလိမ့်" -

“မူရင်းပေကနေပြီး ခေတ်အဆက်ဆက် ပြန်ကူးခဲ့ကြလို့ ကိုးခန်းပျို့ကို မပျောက်မပျက် လေ့လာနိုင်ကြတာလို့ ထင်ပါတယ်ဆရာ"

“သမီးလည်း ပြောကြည့်ပါမယ်ဆရာ။ ပုံနှိပ်စက်တွေပေါ်လာတဲ့အခါကျတော့ အဲဒီကိုးခန်းပျို့လို ရှေးစာပေတွေကို ပုံနှိပ်တိုက်တွေက အစဉ်အဆက် ပုံနှိပ်ခဲ့ကြတာမို့ ခုခေတ်အထိ မပျောက်မပျက်ရှိနေတာလို့ ထင်ပါတယ်ဆရာ”

“ဟုတ်ပါပြီ။ ပုံနှိပ်ခေတ်ရောက်တော့ ပုံနှိပ်တိုက်တွေက ပညာရှင်တွေရဲ့ အကူအညီနဲ့ အဲဒီပျို့တွေ၊ မော်ကွန်းတွေ၊ ချင်းတွေကို စနစ်တကျ တည်းဖြတ်ပြီး ပုံနှိပ်ထုတ်ဝေကြလို့ ခုခေတ်အထိ လေ့လာနိုင်ကြတာပေါ့။ ခုဆိုရင် အဲဒီပျို့တွေကို ကွန်ပျူတာဖန်သားပြင်ပေါ်တင်တာတို့၊ စီဒီခုတ်တာတို့တောင် လုပ်လို့ရနေပြီလေ။ ဟုတ်တယ် မဟုတ်လား"

“ဟုတ်ပါတယ်ဆရာ”

“ဆိုပါတော့၊ ခုခေတ်မှာ ပုံနှိပ်ထားတဲ့ ကိုးခန်း ပျို့ကို မူရင်းအထောက်အထားလို့ ခေါ်နိုင်မလား"

“မခေါ်နိုင်ဘူးထင်ပါတယ် ဆရာ” “ဘာဖြစ်လို့လဲကွဲ” “ပျို့စရေးတာက ခုဆိုရင် နှစ် ၆၀၀ နီးပါးရှိ သွားပြီဆိုတော့ မူရင်းပေစာ မရှိနိုင်တော့ပါဘူး ဆရာ။ ခေတ်အဆက်ဆက် ကူးယူခဲ့ပြီး အခုပုံနှိပ်တဲ့ အဆင့်တောင် ရောက်နေပြီဆိုတော့ မူရင်းနဲ့ နှစ်ပေါင်းများစွာ ကွာခြားသွားပါပြီ”

“အဲဒီတော့”

“မူရင်းရေးခဲ့တဲ့အတိုင်း စာလုံးပေါင်းသတ်ပုံတို့၊ အသုံးအနှုန်းတို့ မပြောင်းမလဲရှိလိမ့်မယ်လို့ မဆိုနိုင်တော့ပါဘူး ဆရာ။ ခေတ်အဆက်ဆက် ပေကူးရင်း၊ ပုံနှိပ်ရင်း အကျအပေါက်ဖြစ်သွားတာတို့၊ စာလုံးပေါင်း ကွဲပြားသွားတာတို့ အများကြီး ဖြစ်နိုင်ပါတယ်ဆရာ။ ဒါကြောင့် ကိုးခန်းပျို့ ပေမူတွေ၊ ပုရပိုက်မူတွေ၊ ပုံနှိပ်မှုတွေကို မူရင်းအထောက် အထားတွေလို့ ပြောဖို့ခက်မယ်ထင်ပါတယ်”

“သားပြောတာ သဘာဝကျပါတယ် ဒါကြောင့် ပေတွေမှာ စာလုံးပေါင်းသတ်ပုံတို့၊ စကားအသုံးအနှုန်းတို့ မူကွဲတွေ တွေ့ရတဲ့အတွက် ပုံနှိပ်တဲ့အခါ ပြန်ပြီးတည်းဖြတ်ကြရတာပေါ့။ ဒီတော့အချုပ်ပြောရရင် ကျောက်စာ၊ မင်စာ၊ စဉ့်ကွင်းစာ၊ အုတ်ခွက်စာ စတဲ့ခေတ်ပြိုင် မူရင်းစာတွေကလွဲရင် ကျန်တဲ့စာတွေကို မူရင်းအဖြစ် မသတ်မှတ်နိုင်ပါဘူးကွယ်” ။

“ဪ.. နားလည်ပါပြီဆရာ”

“ဒီစာတွေဟာ မူရင်းမဟုတ်တော့လို့ တန်ဖိုး မရှိတော့ဘူးလို့ ဆိုလိုတာမဟုတ်ဘူးနော်။ မူရင်းလောက် မခိုင်မာဘူး။ မူရင်းလိုခိုင်မာတဲ့အထောက် အထားမဖြစ်နိုင်ဘူးလို့ ပြောတာပါ”

“ဟုတ်ကဲ့”

“မှတ်သားဖို့ တစ်ခုပြောရဦးမယ်။ စာလုံး ပေါင်းသတ်ပုံတွေ တစ်ခေတ်နဲ့တစ်ခေတ် ဝိဝါဒကွဲ တွေရှိတယ်။ ယပင့်၊ ရရစ်ကွဲတာ၊ တသတ်သတ် ကွဲတာ စသည်ဖြင့်ပေါ့။ ဒီတော့ အသုံးညီညွတ်အောင် စာလုံးပေါင်းသတ်ပုံကို မြန်မာမင်းတွေ လက်ထက်ကတည်းက ညှိနှိုင်းသတ်မှတ်ပြဋ္ဌာန်းပေးတဲ့ အစဉ်အလာဟာ ခုခေတ်အထိရှိပါတယ်။ ခုခေတ်မှာ နိုင်ငံတော်အစိုးရက မြန်မာစာအဖွဲ့က ပြုစုတဲ့ စာလုံးပေါင်းသတ်ပုံကျမ်းအတိုင်း တညီတည်းသုံးဖို့ ပြဋ္ဌာန်းထားတယ်လေ။ ပညာရှင်ချင်း အယူအဆ ကွဲတာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် ဒီလို ပြဋ္ဌာန်းလိုက်တော့ တညီတညွတ်တည်း ရေးကြရတာမို့ အငြင်းပွားစရာ ပြဿနာမရှိတော့ ဘူးလေ။ ဒါကြောင့် သတ်မှတ်ချက်တစ်ခုရှိတယ်။ ကျောက်စာ၊ မင်စာ စတဲ့မူရင်းအရေးအသားတွေကလွဲရင် ကျန်တဲ့စာတွေအားလုံးကို ပြဋ္ဌာန်းထားတဲ့ စာလုံးပေါင်းသတ်ပုံနဲ့ညီအောင် ပြင်ဖို့၊ ရေးဖို့ဆိုတဲ့ သတ်မှတ်ချက်ပဲဘွဲ့”

“မှတ်သားထားပါ့မယ်ဆရာ”

“တချို့ပုဂ္ဂိုလ်တွေကတော့ ရှေးကပုံနှိပ်တဲ့ ပျို့၊ ကဗျာ၊ လင်္ကာတွေကို မူရင်းတွေလို့ ညွှန်းလေ့ရှိကြတယ်။ မူရင်းဟုတ် မဟုတ် စူးစမ်း ကြည့်ရင် အခုဆရာပြောသလိုပဲ မပြောင်းလဲတဲ့ ကျောက်စာ၊ မင်စာလို စာမျိုးကလွဲရင် ဘယ်စာ ကိုမှ မူရင်းအထောက်အထားလို့ ခေါ်လို့မရပါဘူးကွယ်။ အထူးသဖြင့် သုတေသနပြုတဲ့နေရာမှာ ဒီအချက်ဟာ အရေးကြီးပါတယ်”

“ဟုတ်ကဲ့ပါ”

“အဲ..မူရင်းအထောက်အထား မဟုတ်ပေမယ့် မူရင်းအထောက်အထားအဖြစ် မှတ်ယူနိုင်တဲ့ အရေးအဖွဲ့တွေတော့ ရှိပါတယ်။ ရှေးကဗျာ၊ လင်္ကာ တွေမှာ အသတ်တို့၊ အပင့် အရစ်တို့၊ အသံတို့ကို သိသာကွဲပြားအောင် ကာရန်စနစ်၊ အသံစနစ် တွေနဲ့ ထည့်သွင်းစပ်ဆိုထားတဲ့ အဖွဲ့တွေပဲကွဲ ”

“ဘယ်လိုအဖွဲ့တွေဆိုတာ သမီးတို့သဘော မပေါက်ဘဲ ဖြစ်နေပါတယ်။ သဘောပေါက်အောင် ရှင်းပြပေးဖို့ တောင်းပန်ပါရစေဆရာ”

“အေးပါ။ ဒီအတိုင်းပြောလိုက်ရုံနဲ့ သဘောပေါက်မှာမဟုတ်ဘူးဆိုတာ ဆရာသတိထားမိပါတယ်။ ဒီနေရာမှာ ကြိုသိထားဖို့က ရှေးကဗျာ စာဆိုတွေဟာ ကိုယ်ဖွဲ့ချင်တဲ့အကြောင်းအရာကို ကဗျာဖွဲ့ရင်း မြန်မာစာအရေးအသားဖြစ်တဲ့ အသတ်တို့၊ အပင့်အရစ်တို့ မှန်အောင်ထိန်းသိမ်း စောင့်ရှောက်တဲ့ တာဝန်ကိုလည်း ယူကြရတယ်”

“ဘယ်လို တာဝန်ယူတာပါလဲဆရာ”

“အသတ်ဆိုပါတော့။ တသတ်နဲ့ ပသတ်၊ နသတ်နဲ့ မသတ် အသံတူပြီး အရေးကွဲတာမို့ မှားနိုင်တယ်မဟုတ်လား။ ပျို့စာဆို၊ မော်ကွန်း စာဆို၊ ဧချင်းစာဆိုတွေက အသတ်မမှားရအောင် ကဗျာထဲမှာ အသတ်တူကာရန်ယူပြီး ဖွဲ့တတ်ကြတယ်။ အဲဒီအဖွဲ့ကိုလည်း အစဉ်အဆက် ထိန်းသိမ်းကြတော့ မူရင်းသဘော ပျက်မသွားဘူး။ မူရင်းအတိုင်းပဲ အစဉ်အဆက်ရှိနေတာ ပေါ့ကွယ်” ။

“သာဓကကလေး သိပါရစေဆရာ” “ဆရာတို့ ညွှန်းခဲ့တဲ့ ရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့ကိုပဲ ပြန်ညွှန်းရအောင် စာဆိုက ပျို့နိဂုံး မှာ “ဤစာကိုးခန်း၊ ပုလဲပန်းဖြင့်၊ စိတ်ကျန်းမာန် လျှော့၊ ငါကန်တော့၏” တို့ ဖွဲ့တယ်မဟုတ်လား”

“သမီးတို့ သင်ယူခဲ့ရပါတယ်ဆရာ”

 “အဲဒီမှာ ကာရန်ကိုကြည့်ရင် “ခန်း- ပန်း - ကျန်း” ဆိုပြီး နသတ်ကာရန်အသတ်တူ ဖွဲ့ထားတယ်လေ။ တွေ့တယ်မဟုတ်လား၊ နောက်ပိုင်းမှာ တချို့က စိတ်ကြမ်းတမ်းတာကို ဆိုလိုတာထင်ပြီး 'စိတ်ကြမ်းမာန်လျှော့” လို့ ရေးမှ မှန်တယ်လို့ ထင်ကြတယ်။ အဲဒီလို ရေးရင် ကာရန်သုံးချက်စလုံး နသတ်မဟုတ်ဘဲ မသတ်တစ်ခု ဝင်ဖောက်နေမှာပေါ့။ “ကျန်း” ဆိုတာ မာတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အခု “ကျန်းမာ”လို့ သုံးနေတာပဲ။ စာဆိုက စိတ်မာကျောခက်ထန်ခဲ့တာကို ‘စိတ်ကျန်း”လို့ ရေးတာလေ။ ဒီတော့ ဒီအဖွဲ့မှာ “ကြမ်း” နဲ့ “ကျန်း’ မှာ “ကျန်း’ က မူရင်းဖြစ်ကြောင်း ဒီနသတ်ကာရန်သုံးချက်က သက်သေပြနေတာ ပေါ့ကွယ်” ။

“နားလည်ပါပြီဆရာ”

“ဒါက သာဓကတစ်ခုပြတာပါ။ အဲဒီလိုပဲယပင့်နဲ့ ရရစ်ဟာလည်း အသံတူပြီး အရေးကွဲလို့ မှားနိုင်တယ်။ အဲဒီပြဿနာပြေလည်ဖို့ စာဆိုတွေက ယပင့်နဲ့ ရရစ်ကို အနီးကပ်ကာရန်ယူပြီး ဖွဲ့လေ့ရှိကြတယ်။ ယှဉ်ပြီးဖွဲ့တော့ ခွဲခြားနိုင်တာပေါ့။ ကဗျာထဲမှာ ယပင့်နဲ့ ရရစ်နဲ့ ခွဲထားပြီး ဖွဲ့တဲ့အတွက် “ခွဲထား” လို့ခေါ်ကြတယ်။ ကဲ....

ရှင်မဟာရဋ္ဌသာရရဲ့ ကိုးခန်းပျို့မှာ ကြည့်ရအောင်။ တစ်နေရာမှာ “ကြာနေပြက်သို့၊ ပျောက်ပျက်လွယ်စွာ” လို့ “ပြက်” နဲ့ “ပျက်” ကို ခွဲထားလုပ်ပြီးဖွဲ့ထားတယ်။ နေရောင်ကလေးလက်ခနဲ ပြက်လိုက်သလို ပျောက်ပျက်လွယ်တယ်လို့ ဆိုလို့တာလေ။ နေရောင်ပြက်တာက ရရစ်၊ ပျောက် ပျက်တာက ယပင့်ဆိုတာကို ကွဲကွဲပြားပြား ခွဲနိုင်အောင်ဖွဲ့ခဲ့တဲ့ မူရင်းအထောက်အထားလို့ ဆိုရမှာ ပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

မြန်မာ့အလင်း