မောင်ခင်မင် (ဓနုဖြူ)
“ မြန်မာစာအရေးအသားပေါ်ပေါက်ပြီးတဲ့အချိန်ကစခဲ့တဲ့ မြန်မာစကားသမိုင်းကို အထောက်အကူဖြစ်ဖို့ ဆရာနဲ့မင်းတို့ ဆွေးနွေးနေကြတာ ကြားမှာ တခြား ကိစ္စကလေးတွေဝင်လာလို့ အဆက်ဝေးသွားတယ်နော် “
“ ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်တို့ သတိရပါတယ်။ ဒီနေ့ဆက်ပြောကြမယ်ဆိုလို့ လာခဲ့ကြတာပါ “
“ ဟုတ်ပါပြီ။ ဒီနေ့ ဆက်ပြီးစဉ်းစားစရာတစ်ခုကို ပြောပြချင်လို့ပါ။ ဆရာကြီးမင်းသုဝဏ် မိန့်ကြားခဲ့တဲ့ အယူအဆတစ်ခုရှိတယ်။ ဆရာကြီးမင်းသုဝဏ်ရဲ့ နာမည်ရင်းက ဦးဝန်တဲ့။ သိကြပါတယ်နော် “
“ သိပါတယ် ဆရာ “
“ ဆရာကြီးဦးဝန်က မြန်မာဘာသာစကားရော၊ မြန်မာစာပေရော နက်နက်ရှိုင်းရှိုင်း လေ့လာဆည်းပူးထားတဲ့ ပညာရှင်ကြီးပါ။ ဆရာကြီးက ‘ မြန်မာစကား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတစ်စောင်ဖတ်ဖူးတယ်။ အဲဒီစာစောင်မှာ ဆရာကြီးမိန့်ဆိုထားတဲ့ အယူအဆ ပါ “
“ သိပါရစေ ဆရာ “
“ ဆရာကြီးက မြန်မာစာရေးထုံးနဲ့ပတ်သက်ပြီး ပြောထားတာပါ။ ရေးထုံးဆိုတာ ‘ အပင့်အရစ် အသတ် အလတ် ‘ ဆိုတဲ့ စာလုံးပေါင်းသတ်ပုံကို ဆိုလိုတာပါ။ ဆရာကြီးက ပုဂံ၊ ပင်းယ၊ အင်းဝခေတ်တွေမှာ မြန်မာပညာရှင်တွေဟာ အဲဒီ အပင့်အရစ် အသတ် အလတ် ဆိုတဲ့ စာလုံးပေါင်းသတ်ပုံတွေ အလွန်တိမ်းယိမ်းခဲပါတယ်တဲ့။ မှားလေ့မရှိဘူးလို့ ဆိုလိုတာပါ “
“ ဟုတ်ကဲ့ပါ “
“ ယပက်လက်နဲ့ ရကောက်၊ အပင့်နဲ့ အရစ်၊ ပြီးတော့ အသတ်တွေ၊ အသတ်တွေဆိုတာက အသံတူ တဲ့ တသတ်နဲ့ပသတ်၊ နသတ်နဲ့ မသတ်၊ ငသတ်နဲ့ ဉသတ်ဆိုတာတွေပေါ့။ အဲဒီအသတ်တွေကို ကွဲကွဲ ပြားပြား ပီပီသသ ရွတ်ဆိုခဲ့ကြတယ်လို့ မှတ်ယူရတယ်တဲ့။ အခုခေတ်မှာ အဲဒီအသံတွေကို ရခိုင်စကား၊ တောင်ရိုး စကားတွေမှာ ကွဲကွဲပြားပြားပီပီသသရွတ် ဆိုနေကြတုန်းပဲတဲ့။ ဒါကြောင့် အဲဒီခေတ်တွေတုန်းက ပင့်ရစ် သတ်ပုံကျမ်းတွေ ‘ကိုသာလှသည်မထင်’လို့ ဆရာကြီးက ထင်မြင်ချက်ပေးထားတယ် “
“ ဟုတ်ကဲ့ပါ “
“ ဒီတော့ အပင့်နဲ့ အရစ်ကို အရင်စဉ်းစားရ အောင်။ ယပင့်နဲ့ ရရစ်လို့လည်းခေါ်တာပေါ့။ ဒီအသံ နှစ်သံဟာ မူလကကွဲကွဲပြားပြား ရှိတယ်။ ယကိုယလို့ပဲ အသံထွက်ပြီး ရကိုတော့ လျှာလိပ်သံနဲ့ ထွက်ခဲ့ကြတယ်လို့ ယူဆနိုင်တဲ့အထောက်အထားတွေရှိတယ်။ ခုနပြောတဲ့ ရခိုင်စကား၊ တောင်ရိုးစကားတွေမှာ ယ နဲ့ ရ အသံချင်းကွဲတယ် “
“ ဟုတ်ကဲ့ပါ “
“ ယပင့်နဲ့ ရရစ်လည်း ဒီသဘောပဲပေါ့။ ယပင့် ကို ယပက်လက်သံထွက်ရတယ်။ ရရစ်ကို ရကောက်သံ လျှာလိပ်သံထွက်ရတယ်။ မျောက်ဆိုရင် မျောက်လို့ပဲ အသံထွက်ပေမယ့် မြောက်ဆိုရင် ‘ မရောက် ‘ လို့ ရကို လျှာလိပ်သံနဲ့ထွက်ရတယ်။ ရခိုင်စကားမှာ အဲဒီ အသံတွေကို ကွဲကွဲပြားပြား ထွက်နေတုန်းပဲလေ။ ဒီတော့ စဉ်းစားစရာက ယနဲ့ ရအသံကွဲပြားနေရင် ရေးတဲ့အခါ မှားစရာမရှိနိုင်ဘူးလေ။ မမှားနိုင်ဘူးဆိုရင် ဘယ်နေရာမှာ ယနဲ့ရေးပါ၊ ဘယ်နေရာမှာ ရနဲ့ရေးပါလို့ ခွဲခြားပြတဲ့ ရေးထုံးသတ်ပုံကျမ်း လိုပါတော့မလား “
“ မလိုတော့ဘူးထင်ပါတယ် ဆရာ “
“ ဆရာကြီးမင်းသုဝဏ်က အဲဒီသဘောကို ပြောတာပါ။ ပြီးတော့ အသတ်တွေကိုလည်း ပုဂံခေတ်က ပုဂံသားတွေ ကွဲကွဲပြားပြား ပီပီသသ ရွတ်ဆိုခဲ့ကြတယ်လို့ ယူဆရတာပေါ့။ ခုနပြောတဲ့ ရခိုင်၊ တောင်ရိုး၊ အင်းသား၊ ထားဝယ်၊ မြိတ်၊ ယော၊ ဓနု ဆိုတဲ့ မြန်မာ ဒေသိယ စကားတွေမှာ အဲဒီအသတ်တွေကို ကွဲကွဲ ပြားပြားအသံထွက်ပြီး ခုအထိ ရွတ်ဆိုကြတယ်လို့ ပညာ ရှင်တွေကဆိုကြတယ်။ အထူးသဖြင့်တော့ တချို့စကားလုံးတွေမှာ အဆုံးဗျည်းသံတွေ ရှိနေတုန်းပဲလို့ ဆိုကြတယ် “
“ သမီးတို့လည်း အဲဒီလိုအဆုံးဗျည်းသံ ထည့်ဆိုတာ ကြားဖူးပါတယ် ဆရာ။ အိမ်ကို ‘ အီ-မ် ‘ လို့ ဆိုတာမျိုး။ လွှတ်ကို လှော့-တ်လို့ဆိုတာမျိုး၊ ဝက်ကို ဝါ့-က်လို့ ဆိုတာမျိုးတွေပါ “
“ အဲဒီဒေသတွေကို ရောက်ဖူးရင်၊ အဲဒီဒေသခံ တွေနဲ့ပြောဖူး ဆိုဖူးရင် တချို့စကားလုံးတွေမှာ အဆုံး ဗျည်းသံတွေ ရှိနေတယ်ဆိုတာ သတိထားမိမှာပေါ့ကွယ် “
“ ဟုတ်ကဲ့ပါ “
“နောက်တစ်ခုက ဆရာတို့ရဲ့ စာအရေးအသား စနစ်မှာ အဲဒီအသတ်တွေက တော်တော်အရေးကြီးတယ် မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ။ အသတ်ဆယ်ပါးရှိတယ်လို့ ကျွန်တော်တို့ မှတ်သားခဲ့ရပါတယ်”
“ကဲ... ပြောပြပါဦး”
“ကသတ်၊ ငသတ်၊ စသတ်၊ ဉသတ်၊ ညသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ်၊ ယသတ်- အားလုံး ဆယ်မျိုးပါ ဆရာ”
“ဟုတ်ပါပြီ။ အဲဒီ ‘အသတ်’ ဆိုတာ ဘာကို ဆိုလို တာပါလိမ့်”
“အဲဒီဗျည်းမှာရှိနေတဲ့ သရကို သတ်လိုက်တာ မို့ အသတ်လို့ ခေါ်ကြောင်း မှတ်သားရပါတယ် ဆရာ”
“ဟုတ်ပါပြီ။ အသံထွက်ဖို့ ဗျည်းနဲ့ သရနဲ့ ပေါင်းမှ အသံထွက်တာ။ အဲဒီသရကို သတ်လိုက်တော့ ဗျည်းသံပဲ ကျန်မှာပေါ့”
“ဟုတ်ပါတယ် ဆရာ”
“ဒီလိုဆိုရင် အသတ်ဆိုတဲ့ သင်္ကေတကလေးဟာ အဲဒီဗျည်းသံကို ရည်ညွှန်းတဲ့ သင်္ကေတလို့ ဆိုနိုင်မှာပေါ့”
“ဆိုနိုင်မယ် ထင်ပါတယ် ဆရာ”
“ဒါဆိုရင် အဲဒီဗျည်းသံတွေ ထွက်ရမှာပေါ့။ ဒါပေမယ့် အခုတို့ပြောနေတဲ့ မြန်မာစကားမှာ အဲဒီ ဗျည်းသံတွေ ထွက်လို့လား”
“မထွက်ပါဘူး ဆရာ”
“ဒီလိုဆိုရင် တစ်ချိန်တုန်းက အဲဒီဗျည်းသံတွေ ထွက်ခဲ့ပြီး နောက်ပိုင်းကျမှ မထွက်တော့တာလို့ကော မယူဆနိုင်ဘူးလား”
“ယူဆနိုင်ပါတယ် ဆရာ”
“ဆရာကြီးဦးဖေမောင်တင်က ၁၉၃၀ ကျော် လောက်က ထားဝယ်စကားကို သုတေသနလုပ်ပြီး စာတမ်းရေးဖူးတယ်။ ဆရာကြီးက ထားဝယ်သားတွေ ‘ဝက်’ ကို ‘ဝါ့-က်’ လို ကသတ်သံထွက်တဲ့အကြောင်း ရေးထားတယ်။ ဒါကနမူနာတစ်ခုပြောတာပါ”
“ဟုတ်ကဲ့ပါ”
“က သတ်နဲ့ ရေးတဲ့စာလုံးက ကသတ်သံထွက် တယ်ဆိုရင် ကျန်တဲ့အသတ်တွေမှာလည်း အဲဒီအသံလည်း ထွက်မယ်လို့ ဆိုရမှာပေါ့။ လူပြိန်းတွေးတွေးပြီး ပြောရရင် အသတ်သံမထွက်ဘဲနဲ့ စာအရေးအသား စနစ်မှာ အဲဒီအသတ်တွေ ထည့်ထားစရာအကြောင်း မရှိဘူး။ အသတ်သံထွက်လို့သာ အဲဒီအသတ်တွေ ထည့်ထားတာဖြစ်မယ်လို့ တွေးကြည့်နိုင်တယ်လေ။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ဆရာ။ အဲဒီလို တွေးကြည့်နိုင်ပါ တယ်”
“အထူးသဖြင့် အသံတူပြီး အသတ် မတူတဲ့ တသတ်နဲ့ပသတ်၊ နသတ်နဲ့မသတ်တွေဟာ နဂိုတုန်း က အဆုံးသံချင်း ကွဲကွဲပြားပြားရှိလိမ့်မယ်လို့ ယူဆရ တယ်။ ဒေသိယစကားတွေကလည်း အဲဒီအယူအဆကို ထောက်ခံနေတယ်လေ “
“ဟုတ်ကဲ့ပါ”
“တသတ်နဲ့ ပသတ်က အသံချင်းကွဲပြားနေရင် ရေးတဲ့အခါမှာ ရောထွေးစရာမရှိဘူးလေ။ ဒီတော့ သတ်ပုံမှားစရာလည်း မရှိဘူးပေါ့။ ဆရာကြီးဦးဝန် အမိန့်ရှိသလိုပဲ ပုဂံသားတွေဟာ အဲဒီအသံတွေကို ကွဲကွဲပြားပြားပီပီသသ ရွတ်ဆိုနိုင်လိမ့်မယ်ဆိုတာဟာ အဲဒီအဆုံး ဗျည်းသံတွေကိုလည်း ကွဲကွဲပြားပြား ရွတ်ဆိုနိုင်လိမ့်မယ်လို့ ဆိုရာရောက်ပါတယ်။ အဲဒါ ကြောင့် ပုဂံခေတ်တုန်းက အခုလို သတ်ပုံကျမ်းတွေ ဘာတွေလိုအပ်လှမယ် မထင်ဘူးလို့ ဆရာကြီးက ကောက်ချက်ချထားတယ်လေ”
“သဘောပေါက်ပါတယ် ဆရာ”
“ဒါပေမယ့် ပုဂံခေတ်မှာ အက္ခရာပဝေဒဆိုတဲ့ သတ်ပုံကျမ်းကို လိုက်နာရေးသားကြရကြောင်း ကုန်းဘောင်ခေတ် ဘိုးတော်ဘုရား လက်ထက်မှာ ထုတ်ပြန်တဲ့အမိန့်တော်မှာပါတယ်။ ဆရာကြီးဦးဝန်ကလည်း အဲဒီအချက်ကို ညွှန်ပြထားပါတယ်။ ဒါပေမယ့် အဲဒီ ကျမ်းစာအကျယ်ကိုတော့ အခု မတွေ့ ကြရတော့ဘူးလေ”
“သြော်... ဟုတ်ကဲ့ပါ”
“ဒီတော့ ချုပ်ကြည့်ရင် အပင့် အရစ် အသတ် အလတ်လို့ခေါ်တဲ့ ယပင့်၊ ရရစ်၊ တသတ်၊ ပသတ်၊ နသတ်၊ မသတ် စတဲ့ရေးထုံး သတ်ပုံတွေ အတိမ်းအချော်အလွန်နည်းပြီး မှန်မှန်ကန်ကန် ကွဲကွဲပြားပြား ရေးနိုင်ကြတာကို ထောက်ရင် မြန်မာစကားကို အသံထွက်ရာမှာလည်း ယပက်လက်သံနဲ့ ရကောက်လျှာ လိပ်သံတွေကိုလည်း ကွဲကွဲပြားပြား ရွတ်ဆိုနေကြတယ်။ အသတ်သံတွေကိုလည်း ကွဲကွဲပြားပြား ရွတ်ဆို နေကြတယ်။ အဲဒီအချက်တွေကို ပုဂံခေတ်မြန်မာစာ အရေးအသားတွေက သက်သေပြနေတယ်လို့ ဆိုရမှာ ပေါ့ကွယ်”
“ကျေးဇူးတင်ပါတယ် ဆရာ”
မြန်မာ့အလင်း