မောင်ခင်မင် (ဓနုဖြူ)
“ မြန်မာစာပေါ်ပေါက်ချိန်ကစတဲ့ မြန်မာစကားသမိုင်း ကိုလေ့လာမယ်ဆိုရင် ဘာကို အကိုးအကားအထောက်အထား လုပ်ကြမလဲ။ သားရော၊ သမီးရော စဉ်းစား ကြည့်စမ်းပါ”
“ဆရာ၊ စာအရေးအသားကိုပဲ အကိုးအကား လုပ်ရမယ်ထင်ပါတယ်”
“သမီးလည်း အဲဒီလိုပဲ ထင်ပါတယ်ဆရာ”
“အေးပေါ့။ စာအရေးအသားက အခိုင်အမာ ရှိနေတဲ့ အထောက်အထားပဲလေ။ စာအရေးအသားကို အကိုးအကားလုပ်ရမှာပေါ့။ ဒီတော့ မြန်မာစာအရေး အသား ဘယ်တုန်းကစပေါ်တယ်လို့ မင်းတို့နားလည် ထားသလဲ”
“၁၂ ရာစုအစပိုင်းမှာ စပေါ်တယ်လို့ မှတ်သားရ ပါတယ် ဆရာ။ မြစေတီ-ရာဇကုမာရ်ကျောက်စာကို သက္ကရာဇ်အခိုင်အမာပါတဲ့ အစောဆုံးမြန်မာစာအဖြစ် သတ်မှတ်ကြပါတယ်”
“ဟုတ်ပါပြီ။ မြစေတီကျောက်စာခေါ်ခေါ်၊ ရာဇ ကုမာရ်ကျောက်စာခေါ်ခေါ်၊ မြင်းကပါဂူပြောက်ကြီး ကျောက်စာခေါ်ခေါ်၊ အဲဒီကျောက်စာကို သက္ကရာဇ် အခိုင်အမာပါတဲ့ အစောဆုံး မြန်မာစာအဖြစ် ပညာရှင် အများ သဘောတူကြပါတယ်။ ဒီနေရာမှာ ‘သက္ကရာဇ် အခိုင်အမာပါတယ်’ ဆိုတဲ့ အချက်ဟာ အရေးကြီးတယ်။ ဘာဖြစ်လို့ ဒီစကားထည့်ရတယ်ထင်သလဲ”
“ရာဇကုမာရ်ကျောက်စာထက် စောတယ်လို့ ယူဆရတဲ့ အရေးအသားတွေရှိပေမယ့် သက္ကရာဇ် အခိုင်အမာမပါတော့ ပိုစောတယ်လို့ ပြောဖို့ခက်နေတယ်လို့ မှတ်သားရပါတယ် ဆရာ”
“ဟုတ်ပါတယ်။ ကျောက်စာတွေရဲ့ အက္ခရာ ပုံသ္ဌာန်တို့၊ စာလုံးပေါင်းပုံတို့ကြည့်ရင် ရာဇကုမာရ် ကျောက်စာထက် ပိုစောတယ်လို့ဆိုနိုင်တဲ့ ကျောက်စာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့က သက္ကရာဇ်မပါဘူး။ သက္ကရာဇ်ပါတဲ့ ကျောက်စာကျတော့လည်း မူလထိုး မဟုတ်တဲ့ နောက်မှထိုးတဲ့၊ ဆင့်ထိုးကျောက်စာဖြစ်မယ်လို့ ပညာရှင်တွေ သံသယဖြစ်ကြတာလည်း ရှိတယ်”
“ဟုတ်ကဲ့ပါ”
“အဲ... သက္ကရာဇ်မပါပေမယ့် ရာဇကုမာရ် ကျောက်စာထက် စောတယ်လို့ အခိုင်အမာပြောနိုင်တဲ့ မြန်မာစာ အထောက်အထား နှစ်ခုရှိတယ်ကွဲ့ “
“ဟင်...ဟုတ်လား ဆရာ”
“ဟုတ်တယ်။ တစ်ခုက ကျန်စစ်သားမင်း လက်ထက်ရေးထိုးတဲ့ မြကန်မွန်ကျောက်စာထဲမှာ ထည့်ရေးထားတဲ့ မြန်မာစာပဲ။ ‘မဟာနိဗ္ဗာန လက်ဆုယ်ခိရိယ်’ ဆိုတဲ့ စာသားပေါ့။ ခုခေတ်စာလုံး ပေါင်းနဲ့ဆိုရင် ‘မဟာနိဗ္ဗာန်လက်ဆွဲချီရေ’ ပေါ့ကွယ်။ မြကန်ရဲ့ နာမည်လေ။ နိဗ္ဗာန်ကို လက်နဲ့ဆွဲတင်မယ့် ရေကန်လို့ ဆိုလိုတာပေါ့”
“သြော်... ဟုတ်ကဲ့ပါ”
“မြကန်ကျောက်စာက မွန်ဘာသာနဲ့ ရေးထားတာလေ။ ကျန်စစ်သားလက်ထက် ရေးထိုးတာဆိုတော့ ရာဇကုမာရ် ကျောက်စာထက်စောတာ သေချာတာပေါ့။ များများစားစားမဟုတ်ပေမယ့် ညှပ်ရေးထားတဲ့ အဲဒီ မြန်မာစာဟာ ရာဇကုမာရ်ကျောက်စာထက် စောတယ် ဆိုတာ သေချာတယ်လေ”
“ဟုတ်ကဲ့ပါ။ နောက်သာဓကတစ်ခုဆိုတာက”
“မကြာခင်က ဖော်ထုတ်တွေ့ရှိတဲ့ မြစ်သားကျောက်စာပေါ့။ စောလူးမင်းလက်ထက်ရေးထိုးတဲ့ မွန်ကျောက်စာလေ။ သက္ကရာဇ်လည်းပါတယ်။ အဲဒီ ထဲမှာ ‘မ္လစ်သာဂေါးယ်’ ဆိုပြီး ‘မြစ်သား’ ဆိုတဲ့ မြန်မာ စာလုံးညှပ်ရေးထားတယ်။ မွန်စာထဲမှာ ညှပ်ထားတာ မြန်မာစာတစ်လုံးပဲ ပါပေမယ့် ဒါလည်း ရာဇာကုမာရ် ကျောက်စာထက်စောတာ သေချာတာပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”
“အခုပြောတဲ့ သာဓကနှစ်ခုက စာလုံးများများ မပါပေမယ့် ပြောနိုင်တာက စောလူးမင်းလက်ထက်မှာ ကတည်းက မြန်မာစာရေးနေပြီ၊ အရေးအသားလည်း ပုံစံကျနေပြီလို့ မှန်းနိုင်တာပေါ့။ ဒါဆိုရင် ပုဂံကို ပိဋကတ်တော်တွေရောက်လာတဲ့ အနော်ရထာမင်းလက်ထက်ကတည်းက မြန်မာစာအရေးအသားတီထွင် ဖို့ ကြိုးပမ်းနေပြီလို့ ဆိုနိုင်တာပေါ့ကွယ်။ နောက်ထပ် အထောက်အထားတွေ ပေါ်လာနိုင်သေးတာပေါ့”
“စိတ်ဝင်စားစရာပါ ဆရာ။ မှတ်သားထားပါ့မယ်”
“ကဲ...ဒီတော့ စကားဆက်ရအောင်။ စာအရေး အသားတစ်ခုပေါ်စမှာ စကားသံနဲ့ စာအရေးအသားဟာ ကွာဟမှု မရှိဘူးလို့ ပညာရှင်တွေပြောကြတယ်။ ဒီအယူ အဆကို ဘယ်လိုနားလည်ကြသလဲ”
“သမီး ပြောကြည့်ပါမယ်။ စာအရေးအသား စတီထွင်ရင် စကားသံတွေကို မူတည်ပြီး ဘယ်အသံ ကို ဘယ်စာလုံးနဲ့ရေးမယ်ဆိုပြီး တီထွင်မယ်လို့ ထင်ပါတယ်။ အဲဒီလိုဆိုရင် စကားသံနဲ့ စာဟာ ကွာဟစရာ မရှိနိုင်ပါဘူး ဆရာ”
“ဟုတ်ပါပြီ။ သမီးပြောတာ သဘာဝကျပါတယ်။ ကဲ... ခုသမီးတို့ကို စာအရေးအသားမရှိသေးတဲ့ ဘာသာစကားတစ်ခုအတွက် စာတီထွင်ပေးပါလို့ တာဝန်ပေးတယ်ဆိုပါတော့ ဘယ်လိုတီထွင်ကြမလဲ”
“သမီးပြောသလိုပဲ၊ အဲဒီစကားမှာ ပြောတဲ့စကားသံတွေကို နားထောင်မှတ်သားပြီး ဘယ်အသံကို ဘယ်လိုရေးမယ်ဆိုပြီး စာလုံးတွေ တီထွင်ရမယ် ထင်ပါတယ် ဆရာ”
“အဲဒီလိုပဲ တီထွင်ရမှာပေါ့။ ဒီအသံကို ဒီစာလုံးနဲ့ ရေးမယ်၊ ဒီစာလုံးကို ဒီအသံထွက်မယ်ဆိုပြီး သတ်မှတ် ရမှာဆိုတော့ စကားနဲ့ စာလုံးအက္ခရာနဲ့ ကွာဟမှုရှိမှာ မဟုတ်ဘူးလေ”
“ဟုတ်ကဲ့ ဆရာ”
“ဒီလိုဆိုရင် မြန်မာစာအရေးအသားပေါ်စမှာ ပြောတဲ့ စကားသံနဲ့ ရေးတဲ့စာနဲ့ ကွာဟစရာ၊ ကွဲပြား စရာ ရှိမှာ မဟုတ်ဘူးလေ။ ပြောတဲ့အတိုင်း ရေးပြီး ရေးတဲ့အတိုင်း ပြောမှာပဲလို့ ခန့်မှန်းနိုင်တာပေါ့”
“ဟုတ်ကဲ့ပါ ဆရာ”
“ကဲ... ဒီတော့ မြန်မာစာပေါ်စက မြန်မာစကား ကို လေ့လာမယ်ဆိုရင် အဲဒီမြန်မာစာကို ခိုင်မာတဲ့ အထောက်အထားအဖြစ် အားကိုးလို့ ရတာပေါ့။ ဟုတ်တယ် မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒီတော့ မြန်မာစကားသမိုင်းကို လေ့လာရာမှာ ရောရောထွေးထွေးမဖြစ်အောင် ဘာသာစကားတစ်ခု ရဲ့ အစိတ်အပိုင်းတွေအတိုင်း လေ့လာကြည့်တာပေါ့။ ဘာသာစကားတစ်ခုကို လေ့လာရင် ဘယ်အစိတ်အပိုင်း ကစပြီး လေ့လာလေ့ရှိသလဲ”
“စကားသံပါ ဆရာ။ စကားသံက စလေ့လာပါ တယ်”
“ဟုတ်ပါပြီ။ အဲဒီလိုဆိုရင် ပုဂံခေတ်မြန်မာစာ ပေါ်စက မြန်မာစကားသံတွေကို စာအထောက်အထား အရ လေ့လာရမှာပေါ့”
“ဟုတ်ကဲ့ပါ”
“တစ်ခုတော့ရှိတာပေါ့။ ပုဂံခေတ်က မြန်မာတွေ စကားပြောတဲ့အသံကိုတော့ တိတိကျကျ ဘယ်သိနိုင် ပါတော့မလဲ။ အဲဒီတုန်းက အသံသွင်းစက်တွေ ဘာတွေလည်း ပေါ်မှ မပေါ်သေးတာလေ။ ဒီတော့ စာအရေးအသားကိုပဲ အားကိုးပြီး စာအရေးအသားကတစ်ဆင့် စကားသံကို အနီးစပ်ဆုံး ခန့်မှန်းကြည့်ရုံပဲ တတ်နိုင်တာပေါ့။ နောက်တစ်ခုပြောနိုင်တာက ပုဂံခေတ်က စာလုံးတချို့က အခုအထိ အပြောင်းအလဲ မရှိဘူးလေ။ အဲဒီစာလုံးတွေကို အခုလည်း အသံထွက်ပြီး ဖတ်နိုင်တာဆိုတော့ ပုဂံခေတ်တုန်းကလည်း အဲဒီလိုပဲ အသံထွက်ခဲ့လိမ့်မယ်လို့ ယူဆနိုင်တာပေါ့”
“ဟုတ်ကဲ့။ ဘယ်စာလုံးမျိုးတွေလဲ ဆရာ”
“ဆိုပါစို့ကွယ်။ ရာဇကုမာရ်ကျောက်စာကစပြီး အစောပိုင်းကျောက်စာတွေကိုကြည့်ရင် ‘နှစ်၊ ထောင်၊ ခြောက်၊ မည်၊ တန်ဆာ၊ မိန်(မိန့်)၊ နောင်၊ ငါ’ ဆိုတဲ့ စာလုံးတွေဟာ ခုအထိ မပြောင်းလဲဘူး၊ အသံလည်း ဒီလိုပဲထွက်တယ်ဆိုတော့ ဒီစကားလုံးတွေကို ပုဂံခေတ် တုန်းကလည်း ဒီလိုပဲ အသံထွက်ခဲ့လိမ့်မယ်လို့ ဆိုနိုင်တာပေါ့။ ဒါစာလုံးတချို့ကောက်ပြီး နမူနာပြတာပါ”
“ဟုတ်ကဲ့၊ နားလည်ပါတယ် ဆရာ”
“ဒီတော့ အခုနဲ့မတူတော့တဲ့ စာလုံးပေါင်းပုံ ရေးပုံ တွေကို ကြည့်ရင်လည်း အဲဒီစာလုံးတွေကို ပုဂံခေတ်က ဘယ်လိုအသံထွက်ခဲ့မယ်ဆိုတာ ခန့်မှန်းနိုင်တာပေါ့။ အဲ... စကားသံလေ့လာရင် အခြေခံကျတဲ့ အသံနှစ်မျိုး ကို ခွဲပြီးလေ့လာရမယ် မဟုတ်လား။ ဘာတွေပါလိမ့် ကွယ်”
“သရသံနဲ့၊ ဗျည်းသံပါ ဆရာ”
“ဟုတ်ပါပြီ။ ဒီတော့ သရသံတွေကို အရင်လေ့လာ ကြည့်ရအောင်။ ခုနပြခဲ့တဲ့ သာဓကတွေမှာတော့ သရ သံတွေ အခုထိ အပြောင်းအလဲ မရှိဘူးဆိုတာ တွေ့မှာ ပေါ့။ ‘နှစ်’ တို့၊ ‘ထောင်’ တို့၊ ‘ငါ’ တို့မှာပါတဲ့ သရသံတွေ ကြည့်လေ။ အဲ... ခုခေတ်နဲ့ မတူတဲ့သရသံတွေကိုလည်း စာကိုကြည့်ပြီး သိနိုင်တာပေါ့”
“ဟုတ်ကဲ့ပါ”
“ဒီတော့ သာဓကတချို့ ကြည့်ရအောင်။ ပုဂံ ကျောက်စာတွေမှာ ‘နိယ်၊ သိယ်၊ လိယ်’ ဆိုတဲ့ စာလုံး တွေ တွေ့မှာပေါ့။ ခုခေတ်မှာ ဘယ်လိုရေးပါလိမ့်”
“ ‘နေ၊ သေ၊ လေ’ လို့ ရေးပါတယ် ဆရာ”
“ဟုတ်တယ်။ ခုခေတ်မှာ ‘နေ၊ သေ၊ လေ’ လို့ ရေးပြီး အသံထွက်တော့လည်း /နေ/ /သေ/ /လေ/ လို့ အသံထွက်တယ် မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒီလိုဆိုရင် ခုခေတ် ‘နေ’ ဆိုတဲ့ စာလုံးကို ပုဂံ ခေတ်က ‘နိယ်’ လို့ ရေးတာဆိုတော့ အသံထွက်ရာ မှာလည်း သရသံကို ‘လုံးကြီးတင်ယသတ်’ နဲ့ နီးစပ်တဲ့ အသံထွက်လိမ့်မယ်လို့ မှန်းဆရတာပေါ့ကွယ်။ အသံ ထွက်ကို ရေးကြည့်ရင်/ဘိအယ်/ဆိုတဲ့ အသံနဲ့ နီးစပ်မှာပေါ့။ သရကို အဲဒီလို အသံထွက်မယ်ဆိုရင် ဗျည်းတွေနဲ့ တွဲတဲ့အခါမှာလည်း /နိအယ်/ /သိအယ် / /လိအယ် /ဆိုတဲ့ အသံမျိုး အနီးစပ်ဆုံးထွက်မယ် လို့ မှန်းဆရတာပေါ့။ ဒါက သရသံ သာဓကတစ်ခုကို ပြောတာပါ”
“ဟုတ်ကဲ့။ ဆရာပြောပြလို့ အခုလိုစဉ်းစားနိုင် တယ်ဆိုတာ သဘောပေါက်လာပါတယ် ဆရာ။ ကျေးဇူး တင်ပါတယ်”
“ဒီလိုဆိုရင် ကျောက်စာလို ခေတ်ပြိုင်အထောက် အထားတွေကို ကိုးကားပြီး ပုဂံခေတ် မြန်မာစကား သံတွေကို ဘယ်လိုပုံဖော်ကြည့်နိုင်တယ်ဆိုတာ ဆက်စဉ်းစားကြတာပေါ့ကွယ်”
မြန်မာ့အလင်း