မြန်မာစကားသမိုင်းအတွက် (၄)

 

mdn

မောင်ခင်မင် (ဓနုဖြူ)

“တစ်ခုမေးပါရစေ ဆရာ”

“ဟင်၊ ဘာပါလိမ့်”

“ပုဂံခေတ်မှာ ယပင့်၊ ရရစ်၊ လဆွဲတွဲတဲ့ ဗျည်းတွဲ သံတွေအကြောင်း ဆရာရှင်းပြလို့ နားလည်သွားပါပြီ ဆရာ။ ဝဆွဲနဲ့ ဟထိုးပါတဲ့ အသံတွေကလည်း ဗျည်းတွဲ သံတွေပဲမဟုတ်လား ဆရာ”

“အခု အဲဒီအသံတွေအကြောင်း ပြောမလို့ပါ။ ဝဆွဲသံကတော့ အရင်းခံဗျည်းနောက်က ဝဗျည်းတွဲတဲ့ အသံပေါ့။ စာနဲ့ရေးတော့ ဝကို အောက်ကဆွဲရတာမို့ ဝဆွဲလို့ ခေါ်တာလေ။ ဝဆွဲရေးထုံးအရကြည့်ရင် ဝတွဲတဲ့ ဗျည်းတွဲသံကတော့ အပြောင်းအလဲမရှိသလောက် ပါပဲ။ ပုဂံခေတ်မှာသုံးတဲ့ ဝဆွဲဗျည်းတွေကို အခုအထိ ဆက်သုံးနေတုန်းပါပဲ”

“ဟုတ်ကဲ့ပါ”

“အဲ... ဟထိုးကတော့ ပြောစရာရှိတယ်။ ရေးထုံး အရ ဟထိုးကို အရင်းခံဗျည်းအောက်က ဟဗျည်း ထိုးထားတာမို့ ဟထိုးလို့ခေါ်တာပေါ့။ မှ၊ နှ၊ ညှ၊ ငှ၊ လှ၊ ဝှ ဆိုတဲ့ ဗျည်းတွေပါတာပေါ့။ သဒ္ဒဗေဒပညာရှင်တွကတော့ ဒီဗျည်းသံတွေကို ဗျည်းသံနှစ်သံ တွဲတာလို့ မယူဆဘူး။ အရင်းခံဗျည်းနဲ့ တစ်ပေါင်းတည်းရှိနေတဲ့ အသံလို့ သတ်မှတ်တယ်။ ဒါကြောင့် အဲဒီ မှ၊ နှ၊ ညှ၊ ငှ၊ လှ၊ ဝှဆိုတဲ့ ဗျည်းတွေကို ယပင့်၊ ရရစ်၊ လဆွဲ၊ ဝဆွဲဗျည်း တွေကို ဗျည်းနှစ်ခုတွဲတဲ့ ဗျည်းတွဲတွေလို့ မသတ်မှတ်ဘဲ လုံးချင်းဗျည်းတွေလို့ သတ်မှတ်တယ်ကွဲ့”

“သြော်၊ ဟုတ်ကဲ့ပါ”

“အရင်းခံဗျည်းရဲ့ ရှေ့မှာ လေတင်းသံ၊ ဟ-သံပေါ့။ သံတင်းလို့လည်း ခေါ်တယ်။ အဲဒီသံတင်းပါတဲ့အတွက် ရှေ့လေတင်းသံ preaspirated လို့ ခေါ်တယ်။ တချို့ ကလည်း မ၊ န၊ ည၊ င၊ လ၊ ဝ ဆိုတဲ့ သံပြင်းတွေကို အဲဒီ လေတင်းသံတွေက အသံရှိန်လျှော့ပစ်လိုက်တဲ့အတွက် သံပြင်းလျှော့ devoiced  လို့လည်း ခေါ်တယ်။ အသံကို ဖော်ပြမယ်ဆိုရင်တော့ ‘ဟသံ’ ပေါ့ကွယ်”

“ဒီလိုဆိုရင် အဲဒီလေတင်းသံ၊ ဟသံကို မြန်မာစာ အရေးအသားတီထွင်တော့ ဟထိုးနဲ့ ပြတယ်လို့ ဆိုရမှာ ပေါ့နော်”

“ဟုတ်တယ်။ က၊ စ၊ တ၊ ပ ဆိုတဲ့ အရင်းခံဗျည်းတွေရဲ့ နောက်မှာ ဟသံ၊ လေတင်းသံလိုက်တော့ ခ၊ ဆ၊ ထ၊ ဖ ဆိုတဲ့ လေတင်းဗျည်းတွေဖြစ်တာပေါ့။ အဲဒီ လိုပဲ မ၊ န၊ ညှ၊ င၊ လ၊ ဝ ဆိုတဲ့ အရင်းခံဗျည်းတွေရဲ့ ရှေ့က အသံလိုက်တော့ ရှေ့လေတင်းဗျည်း သံပြင်း လျှော့ဗျည်းတွေ ဖြစ်တာပေါ့ကွယ်”

“ဟုတ်ကဲ့ပါ”

“ကဲ... အခုဆက်ပြီး တက်ကျသံတွေအကြောင်း စူးစမ်းကြည့်ရအောင်။ ပုဂံခေတ် စာအရေးအသားစနစ်အရ သိရတာကတော့ ပုဂံခေတ်မှာ တက်ကျသံကို ဖော်ပြတဲ့ သင်္ကေတစနစ် မခိုင်မြဲသေးဘူးလို့ ပညာရှင်တွေက ယူဆကြတယ်”

“ရှင်းပြပါဦး ဆရာ”

“တို့မြန်မာစကားဟာ တက်ကျသံဘာသာစကားဆိုတာ သားတို့ သမီးတို့ သိပါတယ်နော်။ တက်ကျသံ ပြောင်းရင် စကားလုံး အဓိပ္ပာယ်ပြောင်းတဲ့ စကားပေါ့”

“ဟုတ်ကဲ့ပါ”

“ကျောင်းမှာ ကလေးဘဝ စာစသင်ကတည်းက ‘က-ကာ-ကား၊ မိ-မီ- မီး၊ စု- စူ- စူး၊ ပန်-ပန့်-ပန်း’ ဆိုပြီး တက်ကျသံ သုံးသံ ခွဲခြားဆိုခဲ့ရတာလေ။ အဲဒီတက်ကျသံနဲ့ဆိုင်တဲ့ သင်္ကေတတွေက ဘာတွေပါလိမ့်ကွယ်”

“အောက်မြစ်နဲ့ ဝစ္စပေါက်ပါ ဆရာ”

“ဟုတ်ပါပြီ။ ခုခေတ်မှာတော့ အောက်မြစ်နဲ့ ဝစ္စပေါက်ကို စာရေးရင် ပုံမှန်သုံးနေတာပဲ၊ ဘာပြဿနာ ရှိလို့လဲလို့ မေးစရာပေါ့။ မြန်မာစာအရေးအသား စပေါ်တုန်းက စာတွေကိုကြည့်ရင် အဲဒီသင်္ကေတတွေကို ခုခေတ်မှာလို တစ်ပြေးညီ ပုံမှန်မသုံးသေးတာ တွေ့ရ တယ်”

“ဟုတ်ကဲ့ပါ။ သမီးတို့ ကျောက်စာ၊ မင်စာတွေ သင်ရတုန်းက လေ့လာခဲ့ရပါတယ်”

“အဲဒီသင်္ကေတနှစ်မျိုးမှာ အောက်မြစ်ကိုတော့ အစကတည်းက တော်တော်ကလေး ကွဲကွဲပြားပြားသုံးပါတယ်။ အသံကို တိုးပွားအောင်၊ အရှိန်တန့်သွားအောင် တားမြစ်တဲ့သင်္ကေတ၊ ‘လူ’၊ ‘ပန်’ ဆိုတဲ့ သံပြေတွေကို အရှိန်တန့်သွားအောင် ‘လူ့၊ ပန့်’ လို့ အောက်က အစက်ကလေးထည့်လိုက်တော့ အသံတိုသွားတယ် မဟုတ်လား။ သဒ္ဒဗေဒအရ အနိမ့်သက်သံလို့ ခေါ်တာ ပေါ့။ အောက်ကနေပြီး တားမြစ်လို့ ‘အောက်မြစ် အောက်ကမြစ်’ လို့ ခေါ်တယ်လို့ ပညာရှင်တွေ ဖွင့်ဆို ကြတယ်”

“ဟုတ်ကဲ့ပါ”

“ပုဂံခေတ်တုန်းကတော့ အစက်နဲ့မဟုတ်ဘဲ အ- အက္ခရာနဲ့ တားမြစ်တာပေါ့။ ‘အိုဝ်၊ နှင်’ ဆိုတဲ့ စာလုံးမျိုးတွေပေါ့။ အ- နဲ့တားမြစ်တာမို့ ‘အ-မြစ်’လို့ ခေါ်တာပေါ့။ နောက်တော့ အဲဒီ ‘အ’ ကနေပြီး အစက် ကလေးအဖြစ် ပြောင်းသွားတော့ အ- စာလုံးမပေါ်တော့ ဘူးလေ။ အဲဒီတော့ အောက်ကနေ တားမြစ်တဲ့အစက်မို့ အောက်မြစ်လို့ ခေါ်တာပေါ့ကွယ်’

‘”ဟုတ်ကဲ့ပါ”

“ပုဂံကျောက်စာတွေမှာ အဲဒီ အ- မြစ်ကို ကွဲကွဲ ပြားပြားတွေ့ရပါတယ်။ အဲဒီ အ-မြစ်၊ နောက်တော့ အောက်မြစ်ဆိုတဲ့ အစက်ကလေးဖြစ်သွားတာပေါ့။ အဲဒီအောက်မြစ်ဟာ ‘ကာ၊ နေ၊ အိမ်’ ဆိုတဲ့ သံပြေတွေ ကို အနိမ့်သက်သံလို့ခေါ်တဲ့ အသံဖြစ်သွားအောင် ပြောင်းနိုင်တယ်။ အောက်မြစ်ထည့်ရင် ‘ကာ့၊ နေ့၊ အိမ့်’ ဆိုပြီး အသံပြောင်းသွားတယ် မဟုတ်လား”

“အဲဒီအသံမျိုးကို အနိမ့်သက်သံလို့ခေါ်တာလေ။ အောက်မြစ်သံလို့လည်း ခေါ်တာပေါ့”

“ဟုတ်ကဲ့ပါ”

“ပြီးတော့ အောက်မြစ်ဟာ ‘လူ၊ ပဲ၊ သော’ ဆိုတဲ့ အပြင်းသက်သံဆိုတဲ့ အသံမျိုးတွေကိုလည်း အနိမ့် သက်သံဖြစ်အောင် ပြောင်းပေးနိုင်တယ်။ အောက်မြစ် ထည့်လိုက်ရင် ‘လူ့၊ ပဲ့၊ သော့’ လို့ အသံပြောင်းသွားတယ် မဟုတ်လား။ အသံပြောင်းသလို အဓိပ္ပာယ်လည်း ပြောင်းသွားတယ်လေ။ ဒါကြောင့် အောက်မြစ်ကို အသံပြောင်းပြသင်္ကေတလို့ ခေါ်တယ်။ တက်ကျသံ တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့ သင်္ကေတပေါ့။ ပုဂံ ခေတ် အ-မြစ် ရေးထုံးမှာကတည်းက အဲဒီလက္ခဏာ ရှိတာပါ”

“ဟုတ်ကဲ့ပါ”

“ကဲ... အစပြန်ကောက်ရအောင်။ ပုဂံခေတ် တုန်းက အ-မြစ်ကို အသတ်ပါတဲ့ စာလုံးအောက်မှာပဲ သုံးတယ်။ ဂုယ် ၊ နှင်၊ မိန် ဆိုတာမျိုးတွေပေါ့။ အဲ... အသတ်မပါတဲ့ စာလုံးဆိုရင်တော့ အ-ကို အောက်မှာ မထည့်ဘဲ နောက်ကပဲ ‘အ်’ ထည့်လေ့ရှိတယ်။ အသတ်ပေါ့”

“သြော်... ဘယ်လိုစာလုံးမျိုးတွေလဲ ဆရာ”

“ ‘ခုအ်၊ နုအ်၊ မျှအ်’ ဆိုတာမျိုးတွေပေါ့။ ရှေ့က ‘ခု၊ နု၊ မျှ’ ဆိုတာတွေက အနိမ့်သက်သံတွေပဲလေ။ အဲဒါကို အနိမ့်သက်သံဖြစ်ကြောင်း ထင်ရှားအောင် အ- သတ်ထည့်တာလို့ ယူဆရတာပေါ့”

“ဟုတ်ကဲ့”

“မြန်မာစာအရေးအသား စထွင်တဲ့အခါ မွန်တွေ ဆီက နည်းယူတယ်လို့  ပညာရှင်တွေ ယူဆကြတယ်။ မွန်စာမှာ နောက်က အ-သတ်တဲ့ ရေးထုံးရှိပြီးသားလေ။ ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ချက်က မွန်ဘာ ဩသာစကားဟာ မြန်မာလို တက်ကျသံ ဘာသာစကား မဟုတ်ဘူးကွဲ့”

“သြော်... ဟုတ်ကဲ့ပါ”

“ဒီတော့ မွန်စာမှာသုံးတဲ့ ‘အ်’ ဟာ တက်ကျသံ သင်္ကေတတော့ မဟုတ်ဘူးလေ။ မြန်မာစာအရေး အသားစနစ်မှာ အ်-ဟာ မွန်ဆီကယူတဲ့ သင်္ကေတလို့ ဆိုနိုင်ပါတယ်။ အနိမ့်သက်သံတွေရဲ့နောက်မှာ ပြလေ့ ရှိတာပေါ့”

“ဟုတ်ကဲ့ပါ”

“အဲ... အသတ်စာလုံးအောက်မှာထည့်တဲ့ အ-မြစ် ကတော့ မွန်စာရေးထုံး မတွေ့ရပါဘူး။ မြန်မာက တက်ကျသံ ဘာသာစကားဖြစ်လို့ သံပြေကနေ သံနိမ့် သက်သံကို ပြောင်းတဲ့အခါဖြစ်ဖြစ်၊ အမြင့်သက်သံ ကနေ အနိမ့်သက်သံကို ပြောင်းတဲ့အခါဖြစ်ဖြစ် အဲဒီ အ-မြစ်ကို တက်ကျသံပြောင်းတဲ့ သင်္ကေတအဖြစ် ပုဂံခေတ်ကတည်းက စသုံးတယ်လို့ ဆိုနိုင်တာ ပေါ့”

“ဟုတ်ကဲ့ပါ”

“ဒါပေမယ့် အဲဒီ အ-မြစ်ကို အနိမ့်သက်သံ ပြောင်းတဲ့ သင်္ကေတအဖြစ် တစ်ပြေးညီ ပုံမှန်သုံးတဲ့ အခြေအနေတော့ မရောက်သေးဘူးလို့ ဆိုရမှာပေါ့။ ခုခေတ်မှာ အောက်မြစ်သံနဲ့ ကွဲကွဲပြားပြားဆိုရတဲ့ စကားလုံးတွေကို ပုဂံခေတ်တုန်းက အမြစ်မပါဘဲရေးတာတွေလည်း ရှိနေသေးတယ်”

“ဟုတ်ကဲ့”

“ဒီတော့ ပုဂံခေတ်တုန်းက အဲဒီစကားလုံးတွေ ကို အောက်မြစ်သံနဲ့ မပြောသေးတာမို့ အောက်မြစ် မထည့်တာလားလို့ တွေ့နိုင်တာပေါ့။ ဒါပေမယ့် အဲဒါ မဖြစ်နိုင်ဘူးလေ”

“ဘာဖြစ်လို့ပါလဲ ဆရာ”

“မြန်မာစကားက တက်ကျသံဘာသာစကားလေ။ တခြားမျိုးတူနွယ်တူ တိဗက်၊ တရုတ်စကားတွေ၊ တိဗက်မြန်မာ စကားတွေလည်း တက်ကျသံဘာသာ စကားတွေပါ။ စာအရေးအသားမပေါ်ခင် နှစ်ပေါင်းများစွာကတည်းက တက်ကျသံ ဘာသာစကားအဖြစ် ရပ်တည်ခဲ့တာမို့ တက်ကျသံနဲ့ မပြောသေးတာဆိုတာမျိုး ဘယ်ဖြစ်နိုင်မှာလဲ။ ဖြစ်နိုင်တာက မြန်မာစာမှာ တက်ကျသံသင်္ကေတသုံးဖို့ စမ်းသပ်နေဆဲကာလမို့ ပုံမှန်မဖြစ်သေးတာလို့ ဆိုရမှာပါ။ စမ်းသပ်တီထွင်နေဆဲမို့ အသုံးအနှုန်း မတည်ငြိမ်သေးလို့ အမြစ်ပါလိုက် မပါလိုက်ဖြစ်နေတာလို့ ဆိုရမှာပေါ့။ နောက်တော့ အသုံးတည်ငြိမ်သွားပြီး အ-မြစ်ကလည်း အစက်ကလေးအဖြစ် တစ်သမတ်တည်းသုံးလာတာ ဒီနေ့အထိပဲပေါ့ ကွယ်။ ကဲ... အောက်မြစ်သံ အနိမ့်သက်သံလို့ခေါ်တဲ့ တက်ကျသံ တစ်မျိုးရဲ့အကြောင်းကို ဆက်စပ်လေ့လာ ကြည့်တာပေါ့ကွယ်။ မြန်မာစကားသမိုင်းအတွက် ကဏ္ဍတစ်ခုပဲပေါ့”

“ဟုတ်ကဲ့ပါ ဆရာ”