မြန်မာစပါးအုံမြွေ အောင်လအန်ဆန် ဂျပန်နိုင်ငံသား  ကန်ဟာစဲဂါဝါကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူ

ဂျပန်  ၃၁  မတ်  

 

One Championship အဖွဲ့က ဦးဆောင်ကျင်းပသည့် MMA (Mixed Martial Arts) ကိုယ်ခံ ပညာပေါင်းစုံအတိုက်ပြိုင်ပွဲကြီးကို ယနေ့ ညနေ ၄ နာရီတွင် ဂျပန်နိုင်ငံ၌ ကျင်းပရာ ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ်ကာကွယ်ပွဲတွင် လက်ရှိချန်ပီယံ အောင်လအန်ဆန်က စိန်ခေါ်သူ ကန်ဟာ စဲဂါဝါကို ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရကာ လက်ရှိချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်နိုင်ခဲ့သည်။ 

 

MMA (Mixed Martial Arts) ကိုယ်ခံ ပညာပေါင်းစုံအတိုက်ပြိုင်ပွဲလောကတွင် မြန်မာစပါးအုံးမြွဟေု တင်စားခေါ်ဝေါ်ခံရသော ကချင်ပြည်နယ်ဘွား အောင်လအန်ဆန်သည် လတ်တလောတွင် One Championship အဖွဲ့မှ ချီးမြှင့်ပေးထားသော MMA ကမ္ဘာ့ လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ်နှင့် ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်တို့ကို ပိုင်ဆိုင်ထားသော ခါးပတ်နှစ်ခုပိုင်ရှင်တစ်ဦးဖြစ်သည်။ ယနေ့ ယှဉ်ပြိုင်ထိုးသတ်သောပွဲသည် မကျေပွဲပြန်လည်နွှဲလိုသော စိန်ခေါ်သူ ဂျပန်နိုင်ငံသား ကန်ဟာ စဲဂါဝါက ဒုတိယအကြိမ် ပြန်လည်စိန်ခေါ်ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်သည်။ 

 

1

 

ဂျပန်နိုင်ငံတွင် ယနေ့ကျင်းပသည့် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲတွင် ပွဲစသည်နှင့် ညာ အမြင့်ကန်ချက်များဖြင့် စတင်ခဲ့ပြီး ဘယ်/ညာတွဲလုံးများသုံးကာ တရစပ်လိုက်လံထိုးသတ်ခဲ့သည်။ ပထမအချီ  ၂ မိနစ်အကျော်မှာပင် အောင်လအန်ဆန် ညာဖြောင့်လက်သီးဖြင့် ကန်ဟာစဲဂါဝါ ကြမ်း ပြင်သို့ လဲကျခဲ့သည်။ ဒုတိယအချီအစတွင် အောင်လအန်ဆန်သည် သူ့ပုံစံအတိုင်း တိုက်စစ်ဖွင့်ကာ ပင့်ထောက် လက်သီးများဖြင့် လိုက်လံထိုးသတ်ခဲ့သဖြင့် ကန်ဟာ အနည်းငယ်ထိခိုက်ခဲ့ပြီး ဒုတိယ အချီ ၄ မိနစ် အကျော်တွင် အောင်လအန်ဆန် ညာဖြောင့်လက်သီး ဒုတိယအကြိမ် မိ၍ကြမ်းပြင်သို့ လဲ အကျတွင် အလွတ်မပေးဘဲ အောင်လ တရစပ်လိုက်လံထိုးသတ်ခဲ့သဖြင့် ကြိုးဝိုင်းဒိုင်မှ ဒိုင်ပွဲရပ်ဖြင့် အောင်လအန်ဆန်အား အလဲထိုးအနိုင်ပေးခဲ့သည်။ 

 

အောင်လအန်ဆန်သည် ယခုပွဲအပါအဝင် MMA (Mixed Martial Arts) ကိုယ်ခံ ပညာပေါင်းစုံအတိုက်ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံနှင့် ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံပွဲများအပါအဝင် ကိုးပွဲဆက်အနိုင်ရခဲ့သည်။ ယနေ့ ယှဉ်ပြိုင်ထိုးသတ်သော ဂျပန်နိုင်ငံသား ကန်ဟာစဲဂါဝါနှင့် ပြီးခဲ့သော ၂၀၁၈ ခုနှစ် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က ပဉ္စမအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သဖြင့် ယခုဒုတိယအကြိမ် မကျေပွဲ ပြန်လည်စိန်ခေါ်ထိုး သတ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် ယနေ့ကျင်းပသော MMA (Mixed Martial Arts) ကိုယ်ခံ ပညာပေါင်းစုံအတိုက်ပြိုင်ပွဲကြီးတွင် ပြိုင်ပွဲပေါင်း ၁၆ ပွဲ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)

 

2