မြန်လင်းမောင်
မြန်မာနိုင်ငံပြည်တွင်းမှ မျိုးစိတ်သစ်များအား လေ့လာဖော်ထုတ် ထိန်းသိမ်းခြင်း၊ သုတေသနစာတမ်းများ ရေးသားပြုစုခြင်းနှင့် လူထုအား ဇီဝမျိုးစုံ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပါဝင်လာရေး စည်းရုံးခြင်းများ လုပ်ဆောင်နေသည့် လူငယ်သုတေသနပညာရှင်များပါဝင်သော Native Species Conservation & Identification(NSCI) ဇီဝမျိုးစိတ်များ လေ့လာထိန်းသိမ်းရေး အဖွဲ့၏ ကြိုးစားမှုရလဒ်အဖြစ် မြန်မာ့ဒေသရင်း ငါးရံ့ခေါင်းတို မျိုးစိတ်သစ်လေးမျိုးကို သိပ္ပံ မျိုးစိတ်အမည်ဖြင့် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ငါးရံ့မျိုးစိတ်ပေါင်း ၅၆ မျိုးခန့်ရှိ
ကမ္ဘာတစ်ဝန်းတွင် သုတေသနပြု မှတ်တမ်းတင်ထားသည့် ငါးရံ့မျိုးစိတ် ပေါင်း ၅၆ မျိုးခန့် ရှိသည့်အနက် အာရှတိုက်တွင် ၅၃ မျိုးခန့်၊ အာဖရိကတိုက် တွင် သုံးမျိုးတွေ့ရှိထားရာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၌ပင် ငါးရံ့မျိုးစိတ် ၂၀ ခန့်ရှိပြီး ၁၀ မျိုးခန့်မှာ မြန်မာနိုင်ငံ၌သာ တွေ့ရှိရသည့် ဒေသမျိုးရင်းမျိုးစိတ်များ ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ငါးရံ့မျိုးစိတ် အများစုသည် ဒေသတွင်း ငါးစားသုံးမှု အရင်းအမြစ်များ အဖြစ်တည်ရှိနေပြီး မျိုးစိတ်အများစုမှာ အရောင်အသွေး စုံလင်လှပမှုကြောင့် နိုင်ငံတကာ အလှမွေးငါးဈေးကွက်သို့ တင်ပို့ရောင်းချ ကြရာတွင် နိုင်ငံတကာမှ ငါးမွေးမြူရေး ဝါသနာရှင်၊ ပညာရှင်များ၏ အာရုံစိုက်မှုကို ရရှိသော်လည်း ဈေးကွက်အတွင်း ဒေသအလိုက် အခေါ်အဝေါ်အမည်များဖြင့်သာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ရသည်။ ထိုသို့ အလှမွေးငါးဈေးကွက်တွင် နာမည်ရနေသည့် မျိုးစိတ်များဖြစ်သော်လည်း အချို့သော မြန်မာ့ဒေသရင်း ငါးမျိုးစိတ်များသည် သုတေသနပြုလုပ် မှတ်တမ်းတင်ခြင်း၊ ဒေသရင်းမျိုးစိတ်များအဖြစ် သိပ္ပံနည်းကျ မှတ်တမ်းတင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ကုန်သွယ်မှုများ ဆက်လက်ပြုလုပ်ခံနေရခြင်းကြောင့် ပြည်တွင်းမှ သုတေသနပညာရှင် များနှင့် ပြည်ပမှပညာရှင်များ ပူးပေါင်း ၍ မျိုးစိတ်သစ်များအဖြစ် မှတ်တမ်းတင် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း NSCI က မျှဝေထားသည်။
ငါးရံ့ခေါင်းတိုမျိုးစိတ်သစ်လေးမျိုး
ယခုသိပ္ပံမျိုးစိတ် အမည်သစ် သတ်မှတ်နိုင်ခဲ့သည့် ငါးရံ့ခေါင်းတို မျိုးစိတ်သစ်လေးမျိုးမှာ (၁) ထိုင်း- မြန်မာနှစ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော တနင်္သာရီတိုင်းဒေသကြီး တောင်ဘက်စွန်းရှိ ချောင်းများတွင် တွေ့ရှိရသည့် Channa sp fire and ice ဟု ခေါ်သော ငါးရံ့မျိုးစိတ်ကို ယခုအခါ သိပ္ပံအမည် - Channa Pyrophthalmus ဟုလည်းကောင်း၊ (၂) ဈေးကွက်တွင် Channa sp redfin ဟု ခေါ်သည့် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်ရှိ ချောင်းများတွင် တွေ့ရသော ငါးရံ့မျိုးစိတ်ကို ယခုအခါ Channa rubora ဟု လည်းကောင်း၊ (၃) ဈေးကွက်တွင် Channa sp ignis ဟု ခေါ်သည့် ကချင် ပြည်နယ် ပူတာအိုမြို့နယ်ရှိ တောင်ကျချောင်းများတွင် တွေ့ရသော ငါးရံ့မျိုးစိတ်ကို ယခုအခါ Channa coccinea ဟု လည်းကောင်း၊ (၄) ဈေးကွက်တွင် Channa sp mimetic pulchra ဟု ခေါ်သည့် ရခိုင်ရိုးမ အနောက်ဘက်တွင် စီးဆင်းသော ချောင်းများတွင် အစုလိုက်တွေ့ရသော ငါးရံ့မျိုးစိတ်ကို ယခုအခါ Channa rakhinica ဟု လည်းကောင်း သိပ္ပံအမည်များဖြင့် မှတ်တမ်းတင်နိုင်ခဲ့ပြီး ယခု မျိုးစိတ်သစ်အမည်များ သတ်မှတ်ခံရသည့် ငါးရံ့မျိုးစိတ်သစ် လေးမျိုးလုံးမှာ ငါးရံ့ခေါင်းတိုမျိုး - Channa guacha အုပ်စုအောက်တွင် ပါဝင်ကြောင်း သိရသည်။
ပေါများလှသည့် ရေချိုသယံဇာတ အရင်းအမြစ်များ
မြန်မာနိုင်ငံသည် ပထဝီဝင် အနေအထားအရ ကုန်းတွင်းရေချိုမြစ်ချောင်း အင်းအိုင်များ ပေါများပြီး ယင်းမြစ်ချောင်း၊ အင်းအိုင်များ၏ ဧရိယာမှာ စတုရန်းကီလိုမီတာ ၈၂၀၀၀ ရှိကာ ရေချိုသယံဇာတ အရင်းအမြစ် များစွာကိုလည်း ပိုင်ဆိုင်ထားသည်။ သို့သော် ထိုထိုသော သဘာဝသယံဇာတများသည် ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်း၊ မြို့ပြနှင့် စိုက်ပျိုး မွေးမြူရေးဧရိယာများ တိုးချဲ့ခြင်း၊ စက်မှုလုပ်ငန်းများ သတ္တုတူးဖော်ခြင်း လုပ်ငန်းများမှ ဓာတုရုပ်ကြွင်းပါ ရေများကိုစနစ်တကျ စွန့်ပစ်မှုမရှိခြင်း၊ ဘက်ထရီရှော့ခ်တိုက်ခြင်း၊ အဆိပ်ချခြင်း၊ သတ်မှတ်ပိုက်ကွန်များဖြင့်သာ ဖမ်းဆီး ရန် စည်းကမ်းလိုက်နာမှု မရှိခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ မဆင်မခြင်သုံးစွဲခြင်း၊ ငါးရစ် ငါးသန် ကာလမရှောင် ဖမ်းဆီးခြင်းတို့ကြောင့် ယခင်ကာလများထက် လျော့နည်း ကျဆင်းလာကြောင်း တွေ့ရှိလာရသည်။ ထို့ပြင် လူသားတို့၏ မဆင်မခြင် လုပ်ဆောင်မှုများကြောင့် သယံဇာတ နှင့် သဘာဝအရင်းအမြစ်များ လိုအပ်သည်ထက် ပို၍ ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိလာသည်ကိုလည်း သတိ ပြုမိကြရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်သည်။
အကန့်အသတ်ဖြင့်သာ တည်ရှိ
မိမိတို့မြန်မာနိုင်ငံတွင် သဘာဝတောရိုင်းတိရစ္ဆာန်များနှင့် ဇီဝမျိုးစုံ မျိုးကွဲအရင်းအမြစ်များ ပေါများကြွယ်ဝစွာ တည်ရှိသည်မှန်သော်လည်း လေ့လာသုတေသနပြုမှုများ အားနည်းခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရမည့် အသိပညာများ နည်းပါးနေခြင်းကြောင့် ဒေသရင်း မျိုးစိတ်သစ်များမှာ တိမ်မြုပ်လျက်ရှိနေသည်။ သဘာဝသယံဇာတအရင်းအမြစ်တိုင်းသည် အကန့်အသတ်ဖြင့်သာ တည်ရှိနေပေရာ အထူးသဖြင့်ဒေသရင်း မျိုးစိတ်များအား သားစဉ်မြေးဆက် စဉ်ဆက်မပြတ် တည်တံ့စေရေး၊ မျိုးသုဉ်းပျောက် ကွယ်မှုမရှိစေရေးတို့အတွက် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ကိုင်သူများနှင့် ပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်း ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကား -
(၁) Native Species Conservation & Identification(NSCI)
(၂) Four new species of Channa from Myanmar (Teleostei, Labyrinthici, Channidae)