၂၀ ဒီဇင်ဘာ
မြန်မာ့အလင်းအယ်ဒီတာအာဘော်
ရန်ကုန်မြို့လယ် ပြခန်းတစ်ခု၌ ကာတွန်းပြပွဲတစ်ခု မြန်မာနိုင်ငံ ကာတွန်း ဆရာများအသင်းက ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ကာတွန်းပြပွဲ၏ ကြော်ငြာတွင် မည်သည့် ဗွီအိုင်ပီ (အထူးအရေးကြီးပုဂ္ဂိုလ်) တစ်ဦး တစ်ယောက်ကိုမျှ သီးခြားမဖိတ်ကြောင်း၊ ပြည်သူလူထုသည်သာ အထူး အရေးကြီးသူများဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုကြော်ငြာကို တွေ့ရ သူတိုင်း ပြုံးမိကာ ကျေနပ်ပီတိဖြစ်မည်ထင်သည်။
မြန်မာနိုင်ငံ၌ လွန်ခဲ့သော လမ်းစဉ်ပါတီ ခေတ်တစ်ခေတ်က စတင်ကာ မကြာခင်ကာလအထိ ဗွီအိုင်ပီလူတန်းစားတစ်ရပ် အကြီးအကျယ် ပေါ်ထွန်း တည်ရှိနေခဲ့ပြီး ထိုလူတန်းစားက အစစအရာရာ အခွင့်ထူးခံများ ဖြစ်ခဲ့ သည်။ ယနေ့ထက်တိုင်ပင် လုံးလုံးပပျောက်သွားခြင်း မဟုတ်ဘဲ လက်ကျန် ဗွီအိုင်ပီ လူတန်းစားတို့ကို တွေ့မြင်နေရဆဲ ဖြစ်သည်။
သူများတကာ ကျပ်တည်းနေချိန်တွင် ဗွီအိုင်ပီတို့အတွက် ကားရပ်စရာ နေရာအများကြီးရှိမည်။ တိုင်းရေးပြည်ရာ ဆွေးနွေးတိုင်ပင်ရန်လိုသည့် အခါမျိုးဖြစ်၍ အားလုံးစည်းကြဝေးကြ စကားပြောနှီးနှောကြချိန်တွင်ပင် ဗွီအိုင်ပီတို့အတွက် ထိုင်ခုံမြင့် ဆိုဖာထူထူ သို့မဟုတ် သူများထက် ထူးခြား သည့် ထိုင်ခုံဖြစ်ရမည်။ရှားပါးလှသည်ဆိုသော ကုန်မျိုးစုံကို အဆိုပါ ဗွီအိုင်ပီလူတန်းစား တို့သာ ပေါပေါလောလော ဝယ်ယူခွင့်ရခဲ့ကြ၏။ မည်သို့သော နေရာတွင် မဆို ဗွီအိုင်ပီလူတန်းစားက တန်းစီစရာမလို အထူးအခွင့်အရေးရသူများ ချည်း။ မကျန်းမာ၍ ဆေးရုံတက်ရလျှင် ဗွီအိုင်ပီတို့သာ ခုတင်နေရာရမည်။
သားသမီးကျောင်းတက်လျှင် ဗွီအိုင်ပီ၏ သားသမီးကမှ ကျောင်းဝင်ခွင့် လွယ်မည်။ ကျန်သည့် အများပြည်သူမှာ လူချင်းအတူတူ အလိုလိုနေရင်း သိမ်သိမ်ငယ်ငယ် ဖြစ်ရချေမည်။နောင်တော့ သည်လိုအခြေအနေက စီးပွားရေးနယ်ပယ်ထဲသို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။ စီးပွားရေးအကွက်အကွင်း ကောင်းကောင်းဆိုလျှင် ဗွီအိုင်ပီလူတန်းစားတို့အတွက်သာ နေရာရှိသည်။ တင်ဒါခေါ်လျှင် ဗွီအိုင်ပီလူတန်းစားတို့က အထူးအခွင့်အရေးဖြင့် တင်ဒါ အောင်မည်။ ငွေကြေးအလုံးအရင်း ပတ်သက်နေသည့် စီမံကိန်းများ အားလုံးလိုလိုက ဗွီအိုင်ပီလူတန်းစား လက်ထဲတွင်ရှိသည်။ထိုဗွီအိုင်ပီ လူတန်းစားက သင့်ရာတော်ရာ ငွေကြေးအမြတ်များများ ပေးမည့်သူနှင့် တွဲဖက်အလုပ်လုပ်ရင်း ဘာအရင်းအနှီးမျှ စိုက်ထုတ်စရာမလိုဘဲ ရှယ်ယာ ရမည်။
သူတို့၏ အရင်းအနှီးနှင့် စွမ်းရည်မှာ ဗွီအိုင်ပီလူတန်းစား ဖြစ်ဖို့သာ။ ကာတွန်းဆရာတို့က ပြည်သူ့အစိုးရခေတ်တွင် ပြည်သူသည်သာ ဗွီအိုင်ပီ လူတန်းစားဖြစ်ကြောင်း တို့ကာထိကာ သရော်ကာမျှမဟုတ်ဘဲ လူထု တစ်ရပ်လုံးကို တိုက်ရိုက် သတိပေးလိုက်သလိုပင်။ဤသည်ပင် ကာတွန်းအတွေး ကာတွန်းအရေးဟု ဆိုချင်၏။ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲသမိုင်းကိုပြောလျှင် ကာတွန်းများ၏ အခန်း ကဏ္ဍကို ထည့်မပြော၍ မဖြစ်နိုင်ပါ။ စင်စစ်မှာ ကာတွန်းများ၏ အခန်း ကဏ္ဍက ဦးဆောင်မှုနေရာကပင် ပါသည်ဟုဆိုရမည် ထင်ပါသည်။
ဒီမိုကရေစီ ပိန်းပိန်းပိတ်မှောင်ကြီးကျနေဆဲကာလတွင် မည်သို့သော ဝေဖန်မှုကိုမဆို ကြားရမှာ၊ အကြောက်ကြီးကြောက်နေသူများက လွတ်လပ် စွာ ထုတ်ဖော်မှုဆိုသည်ကို နည်းမျိုးစုံဖြင့် ပိတ်ဆို့ခဲ့ကြချိန်မှာ ကာတွန်း ဆရာများ၊ ကဗျာဆရာများ၊ စာရေးဆရာများက ရှေ့တန်းမှ နည်းမျိုးစုံဖြင့် လှည့်ကာပတ်ကာ ဖွင့်ခဲ့ကြသည်ဟု မြင်ပါသည်။
သည်အထဲတွင် ကာတွန်းနှင့် ကဗျာများက သွယ်ကာဝိုက်ကာ အရိပ်အမြွက်တစ်လှည့် တို့တို့ထိထိတစ်ခါနှင့် ပြည်သူလူထုနှင့် ဆက်သွယ်ခဲ့ ကြသည်။ ထို့ကြောင့်လည်း ထိုခေတ်အာဏာပိုင်တို့သည် ကာတွန်းနှင့် ကဗျာများကို အထူးတလည်ပင် ကြောက်ရွံ့ခဲ့ကြသည်ဟု ထင်သည်။ ရိုးရိုးစင်းစင်း ကာတွန်း၊ ကဗျာများကိုပင် မျက်ကလူးဆန်ပျာ အထပ်ထပ် အခါခါ စစ်ကာ ဆေးကာ ဖြစ်ခဲ့ကြသည်။
ပြည်သူလူထုကလည်း ဒီမိုကရေစီရနံ့နှင့် ကာတွန်းကဗျာများကို လွန်စွာမျှော်လင့်ခဲ့ကြလေသည်။ပြည်သူ့ ကာတွန်းပြပွဲကြီးတစ်ခု ပေါ်ပေါက်လာရန် မျှော်မှန်းရင်း ကာတွန်းဆရာများကို ဂုဏ်ပြုကြိုဆိုလိုက်ပါကြောင်း။ ။