နေပြည်တော် ၃၁ မေ 
      

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်းက ဇွန်လအတွင်း ပြုလုပ်သွားမည့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုင်ငံသား ကျောက်မျက် ရတနာအချောထည်လုပ်ငန်းရှင်များ ကုန်ကြမ်းပြတ်လပ်မှုမရှိစေရေး၊ အချောထည်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုဖန်တီးပေးနိုင်ရေး၊ ပြည်ပသို့ တရားမဝင်ရောင်းချခြင်းများ  တားဆီးနိုင်ရေးနှင့် တူးဖော်ရေးလုပ်ငန်းရှင်များ ငွေကြေး လည်ပတ်မှု ကို အထောက်အကူဖြစ်စေနိုင်ရေး စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပသွားမည်ဖြစ်ပါကြောင်း။
    

ကျောက်မျက်ရတနာရောင်းချပွဲကို ရောင်းချသူများနှင့် ဝယ်သူများအကြား သင့်တင့်မျှတသည့် စည်းကမ်းချက်များ သတ်မှတ်ထားပြီး ပွင့်လင်းမြင်သာစွာ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွား မည်ဖြစ်ပြီး နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကိုသာ တက်ရောက်ဝယ်ယူခွင့်ပြုသွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့် ကျောက်အတွဲများကို ဝယ်ယူသူအများ ရှေ့တွင်ခင်းကျင်းပြသရောင်းချခြင်းဖြင့် ကျောက်မျက်ရတနာများအား ထိုက်တန်သည့် တန်ဖိုးဖြင့် ရောင်းချနိုင်မည်ဖြစ်ပါကြောင်း၊ ကျောက်မျက်ရတနာများ ရောင်းချခြင်းမှ ရရှိလာသော အခွန်ဆောင်ပြီး ငွေများနှင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။
    

ယခုကျင်းပသည့် ရောင်းချပွဲတွင် နိုင်ငံသားများကိုသာ တက်ရောက်ခွင့်ပြုမည်ဆိုသော်လည်း နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲကြီးများနည်းတူ အဆင့်မီမီ ဆောင်ရွက်သွားရန်နှင့် ရောင်းချပွဲ အကြိုကာလမှစတင်၍ လုံခြုံရေးကောင်းမွန်စေရေး သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ရောင်းချပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးစီး မှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ရှင်းလင်းတင်ပြ ရန်နှင့် တင်ပြချက်များအပေါ် အစည်းအဝေးတက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေး နွေး ပေးကြရန် ပြောကြားသည်။
    

ယင်းနောက် စီမံရေးရာ လုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက်မျက် လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
 

တင်ပြချက်များအပေါ်  ဒုတိယဝန်ကြီးဒေါက်တာရဲမြင့်ဆွေနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။ ထို့နောက် ပြပွဲဗဟိုကော်မတီ နာယက ပြည်ထောင်စုဝန်ကြီးက နီးဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။
    

၂၀၁၉ ခုနှစ် ဇွန်လ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့်ရောင်းချပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဇွန်လ (၈) ရက်မှ (၁၃) ရက်ထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရ သည်။


သတင်းစဉ်

 

1