နေပြည်တော် ၁၈  စက်တင်ဘာ 

   
နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ၂၀၁၉ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို စက်တင်ဘာ ၁၈ ရက် တတိယနေ့အဖြင့် ဆက်လက် ကျင်းပရာ ခင်းကျင်းပြသထားသော ကျောက်မျက်အတွဲများအား ပြည်တွင်း/ပြည်ပ ကျောက်မျက်ရတနာကုန်သည်များက ဝယ်ယူရန်အတွက် ကျောက်မျက်/ကျောက်စိမ်းအတွဲများကို လိုက်လံ ကြည့်ရှု စစ်ဆေးနေကြသည်။ 

   
ပြပွဲတွင် ပြည်တွင်းကုမ္ပဏီများက ရောင်းချရန် တင်သွင်းပြသထားသော ကျောက်မျက်ရတနာ အတွဲပေါင်း (၄၈၁)တွဲအား စက်တင်ဘာ ၁၉ ရက်နေ့တွင် ရောင်းချပေးပြီး ကျောက်စိမ်းအတွဲပေါင်း ၇၈၁၁ တွဲတို့အား စက်တင်ဘာ ၁၉ ရက်နေ့  ညနေ ၅ နာရီအချိန်အထိ ပြပွဲရက် တစ်နေ့လျှင် ကျောက်စိမ်းတွဲ ၁၃၁၁ တွဲအား တင်ဒါပုံးအတွင်းသို့ ထည့်သွင်း ဝယ်ယူကြရမည်ဖြစ်သည်။ ၂၀ ရက် နေ့မှ စတင်၍ ၂၅ နေ့အထိ ကျောက်စိမ်းအတွဲများအား နေ့စဉ် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည် ။
   

ပြပွဲ တတိယနေ့တွင် ပြည်ပ ကျောက်မျက်ရတနာကုန်သည် ၃၀၅၇ ဦး ၊ ပြည်တွင်းကုန်သည် ၁၇၈၀ ဦး နှင့် ပြပွဲကျင်းပသည့် နေ့ရက်များအတွင်း ထပ်မံ၍ ဝင်ရောက်လာသူများ အပါအဝင် စုစုပေါင်း ကုန်သည် ၅၀ဝ၀ ဦးခန့် လာရောက် ဝယ်ယူကြကြောင်း သိရှိရသည် ။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ ကြီးကြပ်၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကျင်းပပေးသည့် ကျောက်မျက်ရောင်းဝယ်ရေး ကျောက်ဝိုင်းများကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း စသော မြို့ကြီးများတွင် အစိုးရမှ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုပေးခဲ့၍ ရောင်းဝယ်သူ ပြည်တွင်း ကျောက်ကုန်သည်များအတွက် နိုင်ငံအတွင်း ကျောက်မျက်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းအနေဖြင့် စီးပွားရေးအရ ကျောက်ဈေးနှုန်း၊ ကျောက်ဈေးကွက်များတွင် အားနည်းချက်များကြားမှ အားသာချက်များ ရှိလာနိုင်ပါကြောင်း ၊ ယခုပြပွဲတွင် ပြသထားသော ကျောက်အတွဲများသည် ကောင်းမွန်ကြောင်း ၊ ဝယ်ယူပြီး ခွဲစိတ်၍ ရသော ကျောက်များအား နိုင်ငံအတွင်း ပြန်လည်ရောင်းချ၍ ရသောကြောင့် အဆင်ပြေပါကြောင်း ၊ အသစ်ရေးဆွဲနေသည့် ကျောက်မျက်ရတနာ နည်းဥပဒေများ ပေါ်ထွက်လာရင် အားလုံးအတွက် မျှတမှုရှိစေရန် မျှော်လင့်နေပါကြောင်း ပြည်တွင်းကျောက်မျက်ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည် ။ 


မဏိရတနာကျောက်စိမ်းခန်းမအတွင်း၌ ပြပွဲသို့ လာရောက်သူများ ဝယ်ယူနိူင်ရန်အတွက် ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးလျှက်ရှိကြောင်း သိရသည် ။
       


ခွန်(ဝင်းပ)