နေပြည်တော် ဖေဖော်ဝါရီ ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရတို့အကြား ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ ကျယ်ဂေါင်နယ်စပ် ကုန်သွယ်ရေးဇုန်တွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်ရန် ပူးတွဲစီစဉ်နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Haigeng Garden အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း)မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီအထွေထွေ အတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း မပြုမီ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးပွဲကို ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍ ပိုမိုတိုးတက်စေရန်၊ ကျောက်မျက်ရတနာ ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်၊ ယဉ်ကျေးမှု ဖလှယ်ရန်နှင့် ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာများ တရားမဝင်သယ်ဆောင်မှုကို တားဆီးရန် နားလည်မှုစာချွန်လွှာ (MoU)ပါအတိုင်း ပူးပေါင်းဆောင်ရွက် သွားကြမည် ဖြစ်ပါကြောင်း၊ သစ်တောကဏ္ဍနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် လည်း ပူးပေါင်းဆောင်ရွက်ခြင်း များရှိနေသကဲ့သို့ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ မြန်မာ့ကျောက်မျက် ရတနာပြပွဲပြုလုပ်ရန် ပူးတွဲစီစဉ် နိုင်ရေး နားလည်မှုစာချွန်လွှာကို အောင်မြင်စွာ လက်မှတ်ရေးထိုး နိုင်ခဲ့သဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရနှင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
လက်မှတ်ရေးထိုးခဲ့
ထို့နောက် နားလည်မှုစာချွန်လွှာ(MoU)ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


