နေပြည်တော် ၂၁ ဇွန်
(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ အဆိုပါပြပွဲနှင့် စပ်လျဉ်းသည့် လူမှုစီးပွားအခြေအနေများကို မေးမြန်းရေးသားတင်ပြလိုက်ရပါသည်။
ဦးလဖိုင်ခွန်ဆာ
ဥက္ကဋ္ဌ
မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း
ကျောက်မျက်ရတနာတူးဖော်မှုလုပ်ငန်း ရာသီပိတ်သိမ်းချိန်မှာ ဒီလိုပြသရောင်းချတဲ့ ပွဲတွေ ကျင်းပတာဖြစ်ပါတယ်။ တစ်နှစ်ကို နှစ်ကြိမ်၊ သုံးကြိမ် ကျင်းပနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအနေနဲ့ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မြန်မာငွေနဲ့ ပြသရောင်းချတဲ့ပွဲတွေအပါအဝင် နိုင်ငံခြားငွေနဲ့ ပြသရောင်းချတဲ့ပွဲတွေကိုလည်း ဆက်လက် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီလိုပွဲတွေ ကျင်းပခြင်းဖြင့် ဟိုတယ်လုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ကျောက်မျက်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့မိသားစုတွေအပါအဝင် ဒေသခံပြည်သူတွေအနေနဲ့ အလုပ်အကိုင် အဆင်ပြေကြမှာဖြစ်ပါတယ်။ အခုကျင်းပတဲ့ ပြသရောင်းချပွဲကိုတတ်ရောက်တဲ့ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်တွေဟာ အရင်နှစ်တွေကထက် ပိုမိုများပြားလာတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းက ထွက်တဲ့ရတနာတွေနဲ့ ပြည်တွင်းမှာပဲ အချောထည်တွေ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီကြိုးပမ်းမှုဟာ နိုင်ငံသူနိုင်ငံသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပိုမိုရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ကျောက်စိမ်း၊ ကျောက်မျက်၊ အချောထည်ဈေးကွက်ပေါ်ပေါက်လာအောင် အသင်းအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါမှလည်း တရားမဝင် ရောင်းဝယ်မှုတွေ ပပျောက်ပြီး ကောင်းမွန်တဲ့ ကျောက်စိမ်း၊ ကျောက်မျက်ဈေးကွက်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ပြည်တွင်းအချောထည်ဈေးကွက်တွေ ပေါ်ပေါက်လာဖို့အတွက် အသင်းအနေ နဲ့ ကျောက်မျက်ရတနာသင်တန်းကျောင်းကိုလည်း ဖွင့်လှစ်ထားပါတယ်။ ဒါကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေပေါများစေဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။
ဦးကောင်းကျော်စွာ
ကြီးကြပ်ရေးမှူး
ကျောက်စိမ်းမြို့တော်ဟိုတယ်
ကျောက်မျက်ပွဲရှိတဲ့အတွက် ကျွန်တော်တို့ဟိုတယ်မှာ အခန်းငှားတဲ့ ရာခိုင်နှုန်း ၈၀ရာခိုင်နှုန်းအထိ မြင့်တက်သွားပါတယ်။ အရင်ကဆို တစ်ရက်ကို ၄ ခန်း၊ ၅ ခန်း လောက်ပဲငှားရပါတယ်။ အခု ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်နေတာတောင်မှ နောက်ထပ် ငှားရမ်းတဲ့သူတွေရှိနေပါသေးတယ်။ ကျောက်မျက်ပြပွဲ ကျင်းပနေတဲ့အချိန်မှာ ဝန်ဆောင်မှု အနေနဲ့ အုပ်စုလိုက်လာရင် ဈေးနှုန်းလျော့ချပေးပါတယ်။ ကျောက်မျက်ပြပွဲကျင်းပနေတဲ့ အချိန်မှာဆိုရင် ကျွန်တော်တို့ ဟိုတယ်မှာ ပြည်ပက ရတနာကုန်သည်တွေ လာရောက်တည်းခိုတာ များပြားပါတယ်။ ကျွန်တော်တို့ ဟိုတယ်ကို www.adoga.com/ Jadecityhotelnaypyitaw ဆိုတဲ့ Oniline က တဆင့်လည်း ကြိုတင်ငှားရမ်းလို့ရပါတယ်။
မငယ်ငယ်
ဈေးသည်
သဲကြီးကုန်းရွာ
ကျွန်မက ဒီကျောက်မျက်ရတနာပြပွဲအနီးမှာ ငှက်ပျောသီး၊ မင်းဂွတ်သီး၊ ထီးနဲ့ ကွမ်းယာ တွေရောင်းပါတယ်။ ဒီလို ဈေးရောင်းရတော့ မိသားစုဝမ်းရေး အဆင်ပြေပါတယ်။ မိုးရာသီဆိုတော့ ထီးရောင်းရတာ ပိုသွက်ပြီး အမြတ်ပိုရပါတယ်။ ကျွန်မတို့ မိသားစု ၆ ယောက်လုံး ဈေးရောင်းနေကြပါတယ်။
ဦးကျော်သူ
ကြီးကြပ်ရေးမှူး
ရွှေတောင်ကြီးစားသောက်ဆိုင်
ကျောက်မျက်ပွဲရှိတဲ့အတွက် ကျွန်တော်တို့ ရွှေတောင်ကြီးစားသောက်ဆိုင်အနေနဲ့ အရင်ကထက် ရောင်းအားတွေပိုတက်လာပါတယ်။ အရင်ကရောင်းအားနဲ့ အခုရောင်းအား တော်တော်လေးကွာခြားမှုရှိပါတယ်။ အခါတိုင်းဆိုရင် ပုံမှန်ဧည့်သည် လောက်ပဲရှိပါတယ်။ အခုလို ကျောက်မျက်ပွဲရှိတဲ့ကာလမျိုးမှာ ပုံမှန်ထက် ပိုရောင်းကောင်းပါတယ်။
စောဟီဇာကျော်
အငှားယာဉ်မောင်း
ကျွန်တော်က ကားကိုတစ်ရက်သုံးသောင်းနဲ့ အငှားလိုက်ပါတယ်။ ဆီကိုတော့ ငှားတဲ့ သူကထည့်ပေးရပါမယ်။ ခရီးဝေးဆိုရင် တစ်ရက် ၅ သောင်းနဲ့လိုက်ပါတယ်။ ကျောက်မျက် ပြသရောင်းချတဲ့ ကာလမှာ Taxi ဆွဲတော့ မိသားစုအတွက် အပိုဝင်ငွေရပါတယ်။
မဂျူလိုင်မိုး
ဧည့်ကြိုဝန်ထမ်း
မြတ်မင်္ဂလာ ဟိုတယ်
ကျွန်မတို့ ဟိုတယ်မှာ အရင်တုန်းကဆိုရင် ပုံမှန်အားဖြင့် ၁၀ ခန်းလောက်ပဲ ငှားရပါတယ်။ ပုံမှန်အားဖြင့် တစ်ခန်းကို သုံးသောင်းခွဲနဲ့ငှားပါတယ်။ ကျောက်မျက်ပွဲရှိ တဲ့အတွက် ပုံမှန်ထက်ဧည့်သည် ပိုဝင်လာပါတယ်။ ကျောက်မျက်ပွဲများများကျင်းပနိုင်ရင် ကျွန်မတို့ ဟိုတယ်တွေပိုပြီးအလုပ်ဖြစ်ပါတယ်။
ဒေါ်သင်းသင်းချစ်
ကျောက်စောင့်
ကျွန်မကတော့ ဒီကျောက်မျက်ပြပွဲမှာ ကုမ္ပဏီကခင်းကျင်းပြသထားတဲ့ ကျောက်တွေကို စောင့်ရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ကျောက်စောင့်ခအဖြစ် တစ်နေ့ကို တစ်သောင်းရပါတယ်။ ကျွန်မအမျိုးသားကလည်း ကျောက်စောင့်အဖြစ်လုပ်ကိုင်ပါတယ်။ သူလည်း တစ်ရက်ကို တစ်သောင်းရပါတယ်။ နှစ်ယောက်ပေါင်း တစ်ရက်ကို နှစ်သောင်းဆို တော့ မိသားစုအတွက် ပိုပြီးအဆင်ပြေပါတယ်။ ဒီလိုပွဲမျိုး မကြာခဏကျင်းပစေချင်ပါတယ်။
အမေးနှင့်အရေး - မွှေးကြူဇင်