မန္တလေး  ၂၅ စက်တင်ဘာ


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကော်ဖီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာကော်ဖီပွဲတော် ၂၀၁၉ ကို မန္တလေးမြို့တွင် အောက်တိုဘာ ၆ ရက်မှ ၇ ရက်အထိ မန္တလာသီရိ အားကစားကွင်းအတွင်းရှိ Multipurpose Stadium တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှ နာယက ဦးရဲမြင့်က ပြောသည်။


အဆိုပါပွဲတော်ကို မြန်မာ့ကော်ဖီ အရည်အသွေးမြှင့်တင်ရန်နှင့် ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ပြီး ၎င်းပွဲတော်၌ ပြည်ပအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ကော်ဖီစိုက် တောင်သူများ၊ ကော်ဖီထုတ်လုပ်သူများ ကော်ဖီလုပ်ငန်း လုပ်ကိုင်သူများ၊ ကော်ဖီလုပ်ငန်း သွင်းအားစု လုပ်ကိုင်သူများ၊ မုန့်ဆိုင်၊ စားသောက်ဆိုင်လုပ်ငန်းများ စသည့် လုပ်ငန်းများ ပါဝင်ကာ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


“ဒီပွဲတော်မှာ ဒေသအသီးက တိုင်းရင်သားတွေက သူတို့စိုက်ပျိူးထားတဲ့ ကော်ဖီတွေကို လာရောက် ပြသကြမယ့်အပြင် ကော်ဖီသောက်သုံးသူတွေကိုလည်း ကော်ဖီနဲ့ ပတ်သက်တဲ့ အသိပညာပေး အစီစဉ်တွေ ပါဝင်မှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။


လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ကော်ဖီကို အထူးတန်းဝင် ကော်ဖီအဖြစ် ကမ္ဘာက အသိမှတ်ပြုထားပြီး ကော်ဖီစိုက်တောင်သူများသည် ယခင်က တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် အနေအထားမှ ကော်ဖီထုတ်လုပ်သည့် လုပ်ငန်းရှင်များအဖြစ်သို့ အသွင်ကူးပြောင်းလာကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်သည့် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စုစုပေါင်း ကော်ဖီစိုက်ဧက ၄၈၅၇၈ ရှိပြီး မန္တလေးတိုင်းတွင် ၅၈၃၂ ဧက စိုက်ပျိုးကာ ပြည်တွင်းမှ ထွက်ရှိသည့် ကော်ဖီများကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ စသည့် နိုင်ငံများမှ ဝယ်ယူလျက်ရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)