မြန်မာ့ခရီးသွား လုပ်ငန်းရှင်များအတွက် အသေးစား၊ အလတ်စား ချေးငွေဝန်ဆောင်မှု မိတ်ဆက်

ရန်ကုန်  ၂၃   နိုဝင်ဘာ

 

မြန်မာ့ခရီးသွားလုပ်ငန်းရှင်များအတွက် အသေးစား၊ အလတ်စား ချေးငွေဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနှင့် ဝါးတန်းလမ်းထောင့် ရှိ ပန်ဒါဟိုတယ်၌ ကျင်းပခဲ့သည်။

 

မြန်မာ့ခရီးသွားဘဏ်နှင့် မြန်မာ့နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အသေးစား၊ အလတ်စားခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတို့ ပူးပေါင်း၍ ခရီးသွား လုပ်ငန်းရှင်များအတွက် အသေးစားချေးငွေများ ဝန်ဆောင်မှု မိတ်ဆက်ခြင်းအခမ်းအနားတွင် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အမှာစကားပြောကြားပြီး မြန်မာ့ခရီးသွားဘဏ်ဥက္ကဋ္ဌ ဦးရန်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

“ကမ္ဘာမှာ ခရီးသွားလုပ်ငန်းနဲ့ဖွံဖြိုးပြီးတော့ စီးပွားဖြစ်နေတဲ့နိုင်ငံတွေ အများကြီးပါ။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာကိုပဲ အများကြီးတွေ့မြင်နိုင်ပါတယ်။ ဒီခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပေးဖို့၊ ငွေကြေးအရင်းအမြစ်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘဏ်အနေနဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံဖြိုးဖို့အတွက် လုပ်ပေးမယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့စပြီးဖွဲ့စည်းခဲ့တာပါ” မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

 

ယနေ့ကျင်းပသည့် အသေးစားအလတ်စား ချေးငွေဝန်ဆောင်မှုမိတ်ဆက်ခြင်းတွင် မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ခရီးသွားလုပ်ငန်းရှင်များအား အဓိကထားပြီး ချေးငွေထုတ်ချေးမည် ဖြစ်သည်။ ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ချေးငွေကို အများဆုံး သိန်း ၂၀၀ အထိ ချေးယူနိုင်ပြီး ချေးငွေသက်တမ်းကာလကို ၂ နှစ် သတ်မှတ်ထားသည်။ အာမခံထား၍ ချေးယူနိုင်ခြင်း၊ အာမခံမထားဘဲချေးယူနိုင်ခြင်းနှင့် အာမခံပစ္စည်းနှင့် မြန်မာ့အာမခံလုပ်ငန်းသို့ ပေးသွင်းရသော နည်းလမ်းဟူ၍ ချေးငွေကို နည်းလမ်းသုံးမျိုးဖြင့် ချေးယူနိုင်ကြောင်း သိရသည်။ အာမခံထား၍ ငွေချေးယူရာတွင် တိုက်ခန်းသော်လည်းကောင်း၊ ကွန်ဒိုသော်လည်းကောင်း၊ မြေသော်လည်းကောင်း လက်ခံမည်ဖြစ်ပြီး တိုက်ခန်း(သို့) ကွန်ဒိုသည် လူနေထိုင်ခွင့်ကျပြီးဖြစ်ရမည် ဖြစ်သည်။ မြေအမျိုးအစားအနေဖြင့် နှစ် ၆၀၊ နှစ် ၃၀ ဂရန်မြေအမျိုးအစားဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသော ဘဏ်တစ်ခု ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)