နေပြည်တော် ၁၂ စက်တင်ဘာ
မြန်မာ့ခရီးသွားဘဏ်လီမိတက်၏ နေပြည်တော်(သပြေကုန်း)ဘဏ်ခွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် သပြေကုန်းပွဲရုံတန်းရှိ အဆိုပါဘဏ်ခ္ပွဲ ရှေ့မျက်နှာစာ၌ ဖွင့်လှစ်သည်။
ရှေးဦးစွာ မြန်မာ့ခရီးသွားဘဏ် မိတ်ဆက်ခြင်း အခမ်းအနားကို ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ဘဏ်၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး မြန်မာ့ခရီးသွားဘဏ်၏ Theme song နှင့် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက မြန်မာ့ခရီးသွားဘဏ် နေပြည်တော်(သပြေကုန်း)ဘဏ်ခွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘဏ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။
မြန်မာ့ခရီးသွားဘဏ်အနေဖြင့် ဘဏ်ရုံးချုပ်နှင့်ဘဏ်ခွဲများကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့၌ ဖွင့်လှစ်ပြီးဖြစ်ကာ ယခုဖွင့်လှစ်သည့် နေပြည်တော် (သပြေကုန်း) ဘဏ်ခွဲသည် မြန်မာ့ခရီးသွားဘဏ်၏ တတိယမြောက် ဘဏ်ခွဲဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


