မြန်မာ့ခရီးသွားလုပ်ငန်းအကြောင်းကို အာဆီယံဘလော့ဂါများ ကွင်းဆင်းရေးသားမည်

ရန်ကုန်  ၁၄  ဖေဖော်ဝါရီ

 

မြန်မာ့ခရီးသွားလုပ်ငန်းအကြောင်း ကမ္ဘာကသိရှိလာပြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အာဆီယံနိုင်ငံများမှ နာမည်ကျော်ခရီးသွား မီဒီယာများ၊ ဘလော့ဂါများကို ဖိတ်ကြားကာ တစ်ပတ်ကြာ ကွင်းဆင်း၍ ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၏ ပံ့ပိုးကူညီမှုဖြင့် Myanmar Travel Bloggers Club မှ ဦးဆောင်ကာ  မြန်မာနိုင်ငံ၏ ပထမဆုံးသော အာဆီယံခရီးသွားမီဒီယာနှင့် ဘလော့ဂါများခရီးစဉ် စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက ချက်ထရီယံဟိုတယ်၌ ကျင်းပသည်။

 

"ဒီကနေ့အခမ်းအနားကတော့ Myanmar 'sFirst ASEAN Travel Media & Bloggers FAM  Trip အစီအစဉ်ကို စတင်ခြင်းဖြစ်ပါတယ်။ ဒီပွဲကိုတော့ မြန်မာနိုင်ငံရဲ့ခရီးသွား လုပ်ငန်းပိုမိုတိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အာဆီယံဒေသတွင်း ၇ နိုင်ငံမှ နာမည်ကျော်ခရီးသွားမီဒီယာများ၊ ဘလော့ဂါ ၂၇ ဦးကို ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံ ရဲ့အထင်ကရ နေရာတွေဖြစ်တဲ့ စီးပွားရေးမြို့တော်ရန်ကုန်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနဲ့ ရှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၉ ရက်အထိ သွားရောက်လည်ပတ်ကြပြီး မြန်မာ့ခရီးသွား လုပ်ငန်းအကြောင်းကို ကွင်းဆင်းရေးသားကြမှာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောသည်။

 

အဆိုပါ ဘလော့ဂါအဖွဲ့တွင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံမှ သတင်းစာ၊ ဂျာနယ်၊ တီဗွီချန်နယ်တို့မှ ပါဝင်ကြောင်း သိရသည်။

 

"ကျွန်မတို့ဆိုရင် အာဆီယံနိုင်ငံတွေအပါအဝင် ဂျပန်၊ တရုတ် ၊ ကိုရီးယား နိုင်ငံတွေက တစ်နှစ်ကို သုံးလေးကြိမ်လောက် ဖိတ်လို့သွားနေရတယ်၊ သွားပြီးရင် သူတို့နိုင်ငံရဲ့ခရီးသွား လုပ်ငန်းတွေအကြောင်း ရေးခိုင်းတယ်။ ဒီလိုရေးလိုက်တဲ့အတွက်လည်း ခရီးသွားတွေ အဲဒီနိုင်ငံက ခရီးသွားဒေသတွေမှာ ပိုမိုလာရောက်ကြတာတွေ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့နိုင်ငံမှာလည်း ခရီးသွားတွေ ပိုပြီးလာရောက်ဖို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံမှာ အာဆီယံဘလော့ဂါတွေကို ဖိတ်ခေါ်ရေးသားတဲ့အစီအစဉ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်" ဟု မြန်မာ ဘလော့ဂါ မမေဇော်ဝင်းကပြောသည်။

 

အာဆီယံ ဘလော့ဂါများသည် ခရီးစဉ်အတွင်း မြန်မာ့ရိုးရာ မုန့်ဟင်းခါး ချက်လုပ်စားသုံးခြင်း၊ မြန်မာလူမျိုးတို့၏ လက်ဖက်ရည်ဆိုင်ထိုင်သည့်ဓလေ့ကို ရိုက်ကူးခြင်း၊ ရွှေတိဂုံစေတီတော်၌ ဆီမီးတစ်ထောင်ထွန်းခြင်း၊ ပုဂံနေဝင်ဆည်းဆာအလှခံစားခြင်း၊ မြင်းလှည်းစီးခြင်း၊ ယွန်းထည်များလေ့လာခြင်း၊ အင်းလေးကန်အတွင်း လှေစီးခြင်း၊ အင်းလေးပိုးထည်နှင့် ကြာသင်္ကန်းရက်လုပ်ပုံလေ့လာခြင်း၊ ရှေးဟောင်းအင်းတိန်ဘုရားသို့ သွားရောက်လေ့လာခြင်း စသောအကြောင်းအရာပေါင်းများစွာတို့ကို ကိုယ်တိုင်ပါဝင်လေ့လာရေးသားကြမည် ဖြစ်ကြောင်း သိရသည်။

 

မြင့်မောင် ၊ ဓာတ်ပုံ-တင်စိုး  (မြန်မာ့အလင်း)