နေပြည်တော် မတ် ၈

 

မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မှော်ဘီမြို့ရှိ AFoCO RETC သင်တန်းကျောင်း၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်ပြီး ကြိမ်နှင့်ဝါး သယံဇာတအရင်းအမြစ်များနှင့်ပတ်သက်၍ ကမ္ဘာပေါ်တွင် ကြိမ်မျိုးစု ၁၂ မျိုး နှင့် မျိုးစိတ် ၅၅၀ မျိုးရှိပြီး မြန်မာနိုင်ငံတွင် ကြိမ်မျိုးစု မျိုး နှင့် မျိုးစိတ် ၃၂ မျိုး ပေါက်ရောက် သည့်အတွက် ကမ္ဘာ့ကြိမ်မျိုးစိတ်အရေအတွက်၏ ရာခိုင်နှုန်းခန့် ပြန့်နှံ့ပေါက်ရောက်လျက်ရှိပြီး ကမ္ဘာပေါ်တွင် ဝါးမျိုးစုပေါင်း ၇၅ မျိုး၊ ဝါးမျိုး စိတ်ပေါင်း ၁၂၅၀ ခန့် ပေါက်ရောက်ကြောင်းနှင့် မြန်မာနိုင်ငံ တွင် ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုး စိတ် ၁၀၂ မျိုးပေါက်ရောက်ပြီး ကမ္ဘာ့ဝါးမျိုးစိတ် အရေအတွက်၏ ရာခိုင်နှုန်း ပြန့်နှံ့ပေါက်ရောက်လျက်ရှိသည်ကို လေ့လာတွေ့ရှိရဖြစ်ကြောင်း။

 

ကြိမ်နှင့်ဝါး ထုတ်ကုန်ပစ္စည်းများ စဉ်ဆက်မပြတ်ထုတ်လုပ်ပြီး ပြည်တွင်း/ပြည်ပ ရောင်းဝယ်မှုပြုလုပ် နိုင်ရန အရည်အသွေးမီကုန်ကြမ်းများ ရေရှည်ရရှိနိုင်ရန်လိုအပ်ကြောင်း၊ အရည်အသွေးမီ ကြိမ်နှင့် ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရန်အတွက် သဘာဝတောများမှရနိုင်သည့် ကြိမ်နှင့် ဝါးကုန်ကြမ်း များကို စနစ်တကျထုတ်ယူ သုံးစွဲသည့်နည်းအပြင် စိုက်ခင်းများတည်ထောင်ပြီး စနစ်တကျ ပြုစုထိန်းသိမ်းထုတ်ယူသုံးစွဲရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကြိမ်နှင့် ဝါးစိုက်ခင်းများ တည်ထောင်သည့် နေရာတွင်လည်း မြေနေရာရရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံရန် ငွေကြေးအရင်းအနှီး၊ စိုက်ခင်းဆိုင်ရာပျိုးထောင်၊ စိုက်ပျိုး၊ ပြုစုသည့်လုပ်ငန်းများအတွက် နည်းပညာများလည်း လိုအပ်ချက်များရှိလာမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ဆွေးနွေးပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေမည့် မြန်မာ့ကြိမ်နှင့် ဝါးအခန်းကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်စပ်ပတ်သက်သူများအားလုံးကို ဖိတ်ကြားပြီး ကြိမ်နှင့် ဝါးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေသူများအချင်းချင်းအတွေ့ အကြုံများဖလှယ်နိုင်ရန်၊ ကြိမ်နှင့်ဝါးထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အရည်အသွေးမီ ကုန်ကြမ်းများစဉ်ဆက် မပြတ်ရရှိနိုင်ရေး၊ ရင်းနှီးမြှပ်နှံမှုရရှိရေး၊ ထုတ်ကုန်ဆိုင်ရာ နည်းပညာနှင့် စက်ကိရိယာဖွံ့ဖြိုး တိုးတက်ရေးစသည့် ကိစ္စများညှိနှိုင်းပေါင်းစပ်အကြံပြု နိုင်ရန်၊ ကြိမ်နှင့် ဝါးတန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်ပြီး ကြိမ်နှင့် ဝါးထုတ် ကုန်ပစ္စည်းများ ပြည်တွင်း/ ပြည်ပဈေးကွက်ရရှိနိုင်ရေးစသည့် ကိစ္စရပ်များကို ဆွေးနွေး/အကြံပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)