၂၃  ဇူလိုင်

 

နိုင်ငံတကာအလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည့်အလှမယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် Miss Tourism Queen of the Year International Myanmar ပြိုင်ပွဲကို မကြာမီကျင်းပသွားရန်ရှိပြီး အသက် ၁၇ နှစ်မှ ၂၇ နှစ်အကြား မြန်မာအမျိုးသမီးများ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

 

အဆိုပါပြိုင်ပွဲအတွက် Studio တွင် ရိုက်ကူးရေးပြုလုပ်ကာ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယင်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အလှမယ် ၁၅ဦးကို ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအလှမယ်များသည် မိမိကိုယ်စားပြုသည့် မြန်မာနိုင်ငံအကြောင်းကို တစ်မိနစ်ခန့်  မိတ်ဆက်ပြောကြားရမည်ဖြစ်ပြီး Talent Show အတွက် မိမိကြိုက်နှစ်သက်ရာ တင်ဆက်မှုကို နှစ်မိနစ်စာခန့်တင်ပြနိုင်ရမည်ဖြစ်သည်။ မြန်မာဝတ်စုံဖြင့် မိတ်ဆက်ပေးရမည်ဖြစ်ကာ ခရီးသွားခြင်း နှင့်ပတ်သက်သည့် မေးခွန်းများကို အကဲဖြတ်ဒိုင်များက မေးမြန်းသွားမည်ဟု သိရှိရသည်။ ညနေခင်း ဝတ်စုံကိုမူ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းဝတ်စုံဖြင့် ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးမှုများပြုလုပ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမှတ်များကို ပြိုင်ပွဲ ခေါင်းစဉ်အလိုက် မဲပေးသည့်စနစ်ဖြင့် ၂၀ ရာခိုင်နှုန်း၊ အကဲဖြတ်ဒိုင်များ အမှတ် ပေးမှု ၂၀ ရာခိုင်နှုန်းနှင့် ပြိုင်ပွဲဝင်အချင်းချင်းပေးအပ်သည့် ၂၀ ရာခိုင်နှုန်း၊ ရိုက်ကူးရေးအဖွဲ့များ ပေးအပ်သည့် ၂၀ ရာခိုင်နှုန်း၊ စပွန်ဆာများမှ ပေးအပ်သည့် ၂၀ ရာခိုင်နှုန်းရမှတ်များဖြင့် ရွေးချယ်ပေးမည်ဖြစ်သည်။

 

ပြိုင်ပွဲရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ထိန်းသိမ်းမြှင့်တင်ရေးအတွက် ဖြစ်ပြီး ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက်နှင့် အစစအရာရာအတွက် တာဝန်ယူထားကြောင်း Style Plus H မှ မလှနုထွန်းထံမှ သိရှိရသည်။ စိတ်ပါဝင်စားသူများသည် ဖုန်းနံပါတ် ၀၉ ၇၈၀၈၀၇၀၅၆ နှင့် ၀၉၄၂၁၁၇၄၁၅၆ တို့ကို ဆက်သွယ်နိုင်ပြီး အကဲဖြတ်ဒိုင်များအဖြစ် Mrs Universe Myanmar 2016 လှနုထွန်း၊ Miss Tourism Queen of the Year Int’l Myanmar 2015 မိုးရသော်၊ Mrs Tourism World 2017 winner ဒေါက်တာနီလာကျော့ကို၊ Miss Tourism Queen of the Year Int’l Myanmar 2016 ခင်အင်ကြင်းကျော်၊ Miss Cosmopolitan World 2017 Best in Evening Grown ဆုရှင် ဒီဇိုင်နာ ဇာနီဝင်းနှင့် အခြားပညာရှင်များက အကဲဖြတ်ပေးကြမည်ဖြစ်ကြောင်း သိရသည်။ 

 

မေဦးမိုး