၁၁ ဇန်နဝါရီ
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မလေးရှားနိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိသည်။
သက်ထားသူဇာသည် ဇန်နဝါရီ ၄ ရက်ကတည်းက မလေးရှားနိုင်ငံ၌ လေ့ကျင့်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသည့် Perodua Malaysia Masters 2020 ပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ ယှဉ်ပြိုင်ခဲ့ရပြီး ဟောင်ကောင်ကစားသမားကို အရေးနိမ့်ခဲ့သောကြောင့် လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ပေ။ Perodua Malaysia Masters 2020 ပြိုင်ပွဲမှာ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ HSBC BWF World Tour Super 500 ပြိုင်ပွဲလည်းဖြစ်သည်။
သက်ထားသူဇာသည် ဇန်နဝါရီတတိယပတ်အထိ လေ့ကျင့်မည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသည့် ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယခုလအတွင်း ပြိုင်ပွဲများယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း အဆင်မပြေပါက ဖေဖော်ဝါရီတွင် ပြိုင်ပွဲများ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ဧပြီလအထိ ပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်ရာ သက်ထားသူဇာအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချက် မြင့်မားရန်နှင့် အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ရရန် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်သည်။
သက်ထားသူဇာသည် ၂၀၁၈ နှစ်ကုန်ခါနီးမှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများ ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။
သတင်း- ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်