၁၆ မတ်
အာရှဘောလုံးအဖွဲ့ချုပ်က မြန်မာကလပ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အုပ်စုလက်ကျန်ပွဲများ ဆက်လက်ကျင်းပခြင်းရှိ၊ မရှိကို မတ် ၁၆ ရက် ညနေပိုင်းအထိ အတည်ပြုထုတ်ပြန်ခြင်းမရှိသေးသော်လည်း ယခုရက်ပိုင်းအတွင်း အတည်ပြုထုတ်ပြန်ဖွယ်ရှိနေသည်။
ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ဘောလုံးနှင့် အခြားအားကစားပြိုင်ပွဲများကို ရွှေ့ဆိုင်းလျက်ရှိပြီး အာရှဘောလုံးအဖွဲ့ချုပ်အနေဖြင့် AFC Cup ပြိုင်ပွဲ အာဆီယံဇုန် ဒုတိယအကျော့ပွဲများကို ရွှေ့ဆိုင်းခြင်းရှိ၊ မရှိ ထုတ်ပြန်ခြင်းမရှိသေးခြင်းဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲများ၊ ကလပ်ပြိုင်ပွဲများဖြစ်သော အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်အချို့ကို ရွှေ့ဆိုင်းထားသော်လည်း အာဆီယံဇုန်ပွဲများကို ပုံမှန်အတိုင်း ကျင်းပနေခြင်းဖြစ်သည်။ အာဆီယံဇုန် ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၁၄၊ ၁၅၊ ၂၈၊ ၂၉ ရက်၊ မေ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းက အဝေးကွင်းသုံးပွဲ၊ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် ပြည်တွင်းလိဂ်ပွဲအားလုံးကို ဧပြီ ၃၀ ရက်အထိ ပရိသတ်မပါဘဲ ကွင်းပိတ်ကျင်းပလျက်ရှိပြီး AFC Cup ပွဲကိုလည်း အိမ်ကွင်းလက်ခံကစားရပါကလည်း ကွင်းပိတ်ကစားမည်ဖြစ်ကြောင်း MNL အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က အတည်ပြုထားသည်။
ရန်ကုန်အသင်းသည် ဒုတိယအကျော့ပွဲစဉ်များအဖြစ် ဧပြီ ၁၅ ရက်တွင် စင်ကာပူကလပ် ဟောင်အန်အသင်း၊ ဧပြီ ၂၉ ရက်တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ မေ ၁၃ ရက်တွင် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် အဝေးကွင်းပွဲများ ကစားရမည်ဖြစ်သည်။
ရန်ကုန်အသင်းသည် ပထမအကျော့အပြီးတွင် သုံးပွဲကစား ခုနစ်မှတ်ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းမှာမူ ဧပြီ ၁၅ ရက်တွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် အိမ်ကွင်း၊ ဧပြီ ၂၈ ရက်တွင် ဖိလစ်ပိုင်ကလပ် ကာယာအသင်းနှင့် အဝေးကွင်း၊ မေ ၁၂ ရက်တွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်