မတ် ၁၉

 

မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၀ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စုပွဲများအနက် မတ်နှင့် ဧပြီလအတွင်း ကစားမည့်ပွဲအားလုံးကို ရွှေ့ဆိုင်းလိုက်ကြောင်း အာရှဘောလုံးအဖွဲ့ချုပ်က မတ် ၁၈ ရက် ထုတ်ပြန်ကြေညာခဲ့သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် AFC Cup ပြိုင်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပလျက်ရှိပြီး ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ကြောင့် ခရီးသွားလာရ ခက်ခဲခြင်း၊ ပြည်ဝင်ခွင့်များ ခက်ခဲနိုင်ခြင်းတို့ကြောင့် ဧပြီလကုန်အထိ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယခုနှစ် AFC Cup ပြိုင်ပွဲကို ဇုန်ငါးခုခွဲ၍ ကျင်းပလျက်ရှိပြီး အနောက်အာရှဇုန်မှာ ယခင်ကတည်းက ရွှေ့ဆိုင်းထားခြင်းဖြစ်ရာ အရှေ့အာရှဇုန်၊ အလယ်ပိုင်းဇုန်၊ အာဆီယံဇုန်နှင့် တောင်အာရှဇုန်ပွဲစဉ်များကို ထပ်မံရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

 

မြန်မာကလပ်အသင်းများ ပါဝင်နေသည့် အာဆီယံဇုန် အုပ်စုသုံးခုမှာ ပထမအကျော့ပွဲစဉ်များ ပြီးဆုံးနေပြီ ဖြစ်သောကြောင့် ဒုတိယအကျော့ပွဲစဉ်များသာ ကစားရန် ကျန်ရှိတော့ပြီး ဧပြီ ၁၅ ရက်မှ မေ ၁၃ ရက်အတွင်း ကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။ အာဆီယံဇုန် ဒုတိယအကျော့ ပွဲစဉ်များကို ဧပြီ ၁၄၊ ၁၅၊ ၂၈၊ ၂၉ ရက်၊ မေ ၁၂၊ ၁၃ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာကလပ်အသင်းများဖြစ်သည့် ရန်ကုန်အသင်းက အဝေးကွင်းသုံးပွဲ၊ ရှမ်းယူနိုက်တက်အသင်းက အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းတစ်ပွဲ ကစားရမည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ဒုတိယအကျော့ပွဲစဉ်များအဖြစ် ဧပြီ ၁၅ ရက်တွင် စင်ကာပူကလပ် ဟောင်အန်အသင်း၊ ဧပြီ ၂၉ ရက်တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်း၊ မေ ၁၃ ရက်တွင် လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နှင့် အဝေးကွင်းပွဲများ ကစားရန်ရှိနေပြီး ဧပြီတွင် ကစားမည့်နှစ်ပွဲကို ရွှေ့ဆိုင်းခဲ့သလို မေတွင်ကစားမည့်ပွဲကိုလည်း အတည်ပြုခြင်း မရှိသေးကြောင်း သိရသည်။

 

ရန်ကုန်အသင်းသည် ပထမအကျော့အပြီးတွင် သုံးပွဲကစား ခုနစ်မှတ် ရရှိထားသည်။ ရှမ်းယူနိုက်တက် အသင်းမှာမူ ဧပြီ ၁၅ ရက်တွင် စင်ကာပူကလပ် တမ်ပနိစ်ရိုဗာအသင်းနှင့် အိမ်ကွင်း၊ ဧပြီ ၂၈ ရက်တွင် ဖိလစ်ပိုင်ကလပ် ကာယာအသင်းနှင့် အဝေးကွင်း၊ မေ ၁၂ ရက်တွင် အင်ဒိုနီးရှားကလပ် မာကာဆာအသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်ပြီး ဧပြီတွင် ကစားမည့်နှစ်ပွဲကို ရွှေ့ဆိုင်းခဲ့သလို မေတွင် ကစားမည့်ပွဲကိုလည်း အတည်ပြုခြင်း မရှိသေးပေ။

 

ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့သုံးပွဲစလုံး ရှုံးနိမ့်ထားပြီး အမှတ်မရသေးပေ။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ပြန်လည်ကစားမည့်ရက်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ပြီး မြန်မာကလပ်အသင်းအနေဖြင့် အုပ်စုလက်ကျန်ပွဲများကို မေလမှသာ အစောဆုံး ကစားရဖွယ်ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်