၁၅ မေ

 

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်နေသည့် ၂၀၂၀ AFC Cup ပြိုင်ပွဲ လက်ကျန်ပွဲများ ကျင်းပမည့်အစီအစဉ်အတွက် ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်သည်။

 

အာရှနိုင်ငံအားလုံးနီးပါးတွင် ဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာရှဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲများ အားလုံး ရပ်နားထားပြီး AFC Cup ပြိုင်ပွဲမှာလည်း ဇွန်လကုန်အထိ ရပ်နားထားခြင်းဖြစ်သည်။ 

 

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသတွင်း နိုင်ငံများ၏ ရောဂါပျောက်ကင်းမှုအပေါ် မူတည်၍ ပြန်လည်ကျင်းပ မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံသည် ဒေသတွင်းလိဂ်ပြိုင်ပွဲများ ပြန်လည်ကျင်းပရန် စီစဉ်လျက်ရှိသည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ် AFC Cup ပြိုင်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပလျက်ရှိပြီး အာဆီယံဇုန် အုပ်စုသုံးခုမှာ ပထမအကျော့ ပြီးဆုံးသွားပြီဖြစ်သော်လည်း အချို့အုပ်စုများမှာမူ ပွဲအနည်းငယ်သာ ကစားရသေးသလို အုပ်စုအချို့မှာလည်း တစ်ပွဲမျှပင် ကစားရခြင်းမရှိသေးကြောင်း သိရသည်။

 

ယခုနှစ် AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ်အသင်းများဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပထမအကျော့အပြီး ရပ်တည်မှုအရ ရန်ကုန်အသင်းသည် နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိနေသော်လည်း ရှမ်းယူနိုက်တက်အသင်းမှာမူ ရုန်းကန်ရမည်ဖြစ်သည်။

 

ရန်ကုန်အသင်းသည် အုပ်စု (F)တွင် ဟိုချီမင်းစီးတီး (ဗီယက်နမ်)၊ ဟောင်အန်ယူနိုက်တက် (စင်ကာပူ)၊ လာအိုတိုယိုတာ (လာအို)တို့နှင့် ကျရောက်နေပြီး ပထမအကျော့အပြီးတွင် ဟိုချီမင်းစီးတီးနှင့် ရန်ကုန်အသင်းက ခုနစ်မှတ်စီ၊ ဟောင်အန်အသင်းက သုံးမှတ်ရထားကာ လာအိုတိုယိုတာအသင်းမှာ အမှတ်မရသေးပေ။

 

ရန်ကုန်အသင်းသည် ပထမအကျော့သုံးပွဲစလုံး အိမ်ကွင်းကစားခဲ့ရပြီး ဟိုချီမင်းစီးတီးနှင့် နှစ်ဂိုးစီသရေကျသော် လည်း ဟောင်အန်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ လာအိုတိုယိုတာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရထားသည်။ 

 

ရှမ်းယူနိုက်တက်အသင်းသည် အုပ်စု (H) တွင် တမ်ပနိစ်ရိုဗာ (စင်ကာပူ)၊ ကာယာ (ဖိလစ်ပိုင်)၊ မာကာဆာ (အင်ဒိုနီးရှား)တို့နှင့် ကျရောက်နေပြီး ပထမအကျော့အပြီးတွင် တမ်ပနိစ်ရိုဗာအသင်းက ခုနစ်မှတ်၊ ကာယာအသင်း က ငါးမှတ်၊ မာကာဆာအသင်းက လေးမှတ်ရထားပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အမှတ်မရသေးပေ။ 

 

ရှမ်းယူနိုက်တက်အသင်းသည် ပထမအကျော့ပွဲစဉ်များတွင် ကာယာအသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ မာကာဆာ အသင်းကို အဝေးကွင်း၌ သုံးဂိုး-တစ်ဂိုး၊ တမ်ပနိစ်ရိုဗာအသင်းကို အဝေးကွင်း၌ နှစ်ဂိုး-တစ်ဂိုးတို့ဖြင့် ရှုံးနိမ့်ထားသည်။

 

ရန်ကုန်အသင်းသည် ဒုတိယအကျော့သုံးပွဲစလုံးကို အဝေးကွင်းကစားရမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းမှာမူ အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းတစ်ပွဲကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်