မြန်မာကလပ်ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၂ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ကျင်းပမည့်ရက် သတ်မှတ်

ရန်ကုန်   ဇူလိုင်   ၁၅

အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၂ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ကျင်းပမည့်ရက်များ သတ်မှတ်လိုက်ပြီဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် လာမည့်နှစ် အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ ကျင်းပမည့်ကာလကို နောက်ဆုတ်ထားပြီး မတ်လမှစတင်ကျင်းပမည်ဖြစ်သည်။ အာရှ ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှုအရ အာရှချန်ပီယံလိဂ် အရှေ့အာရှဇုန် အကြိုခြေစစ်ပွဲ ပထမအဆင့်ကို မတ် ၁ ရက်၊ ဒုတိယအဆင့်ကို မတ် ၈ ရက်၊ Play-off အဆင့်ကို မတ် ၁၅ ရက်၊ အနောက်အာရှဇုန် အကြို ခြေစစ်ပွဲ ပထမအဆင့်ကို မတ် ၁၅ ရက်၊ ဒုတိယအဆင့်ကို ဧပြီ ၅ ရက်၊ Play-off အဆင့်ကို ဧပြီ ၂ဝ ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။ မြန်မာကလပ်အသင်းများသည် အရှေ့အာရှဇုန်တွင် ယှဉ်ပြိုင် ရခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။

အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် အမှတ်ပေးချန်ပီယံအသင်းကိုသာ ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ပြီး ၂၀၂၁ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို လက်ရှိအချိန်ထိ ကျင်းပနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ယခုနှစ်တွင် MNL အမှတ်ပေးပြိုင်ပွဲ မကျင်းပနိုင်ပါက နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ရာသီ MNL အမှတ်ပေး ပြိုင်ပွဲမှ ရလဒ်အပေါ် မူတည်၍ ဝင်ခွင့်ပြုဖွယ်ရှိကြောင်း သိရသည်။

ကိုညီလေး