မတ် ၁၉

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ အာရှ ဖူဆယ်ကလပ်ပြိုင်ပွဲကို ယူအေအီးနိုင်ငံ၌ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကလပ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပြီး အာရှဒေသတွင်းမှ ကလပ်အသင်း ၁၆ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် အိမ်ရှင်နိုင်ငံ ရွေးချယ်ခဲ့သော်လည်း ကျင်းပမည့်ရက်နှင့် ပြိုင်ပွဲပုံစံများကို ဧပြီလတွင် ထပ်မံကြေညာသွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ကာ မြန်မာကလပ်အသင်းများအနေဖြင့် ၂၀၁၈ ပြိုင်ပွဲတွင် စတင်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ ယင်းပြိုင်ပွဲကို အမှတ်ပေးချန်ပီယံအသင်းအား ဦးစားပေးစေလွှတ်သော်လည်း ၂၀၁၈ နှင့် ၂၀၁၉ ပြိုင်ပွဲနှစ်ခုစလုံးတွင် အမှတ်ပေးချန်ပီယံ MIU အသင်း ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသောကြောင့် ဒုတိယရသည့် VUC အသင်းက အစားထိုးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နှစ်ကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

sport1a

 

VUC အသင်းသည် ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စု(က) ဂျပန်ကလပ် နာဂိုရာအသင်း၊ တရုတ်ကလပ် ဒါလီယန်အသင်း၊ အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်းတို့နှင့် လည်းကောင်း၊ ၂၀၁၉ ပြိုင်ပွဲတွင်မူ အုပ်စု (C) လက်ဘနွန်ကလပ် ဘေရွတ်အသင်း၊ အင်ဒိုနီးရှားကလပ် ဗာမို့စ်အသင်း၊ တာဂျစ်ကစ္စတန်ကလပ် ဆိုရိုအသင်းတို့နှင့်လည်းကောင်း ကျရောက်ခဲ့ပြီး နှစ်ကြိမ်စလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်လည်း ၂၀၁၉-၂၀၂၀ ရာသီ MFF ဖူဆယ်လိဂ် ချန်ပီယံသင်းကိုသာ ယှဉ်ပြိုင်ခွင့်ပြုရန် စီစဉ်ထားပြီး MIU အသင်း ဗိုလ်စွဲထားသည်။ ချန်ပီယံ MIU အသင်းသည် ပြိုင်ပွဲယှဉ်ပြိုင်ခြင်း ရှိ၊ မရှိ ပြန်လည်ဆုံးဖြတ်မည်ဖြစ်ပြီး မယှဉ်ပြိုင်ပါက ဒုတိယရသည့် VUC အသင်းက အစားထိုး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်