မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များ

mdn

သတင်းဆောင်းပါး - ရေနံအငြိမ်းစားပညာရှင်တစ်ဦး

 

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ နောက်မကြာမီ ငါးနှစ်အတွင်း နိုင်ငံတော်အတွက် လျှပ်စစ် ဓာတ်အားသုံးစွဲမှု ပိုမိုတိုးတက်စေရေးနှင့်ရေနံလုပ်ငန်းနှင့် ပတ်သက်သည့် လုပ်ငန်းသဘောသဘာဝများကို သိရှိစေလိုသောဆန္ဒဖြင့် ဤဆောင်းပါးကိုရေးသားတင်ပြရခြင်းဖြစ်ပါသည်။

 

လက်ရှိအားဖြင့် မြန်မာ့ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ထုတ်လုပ်ပေးနေသော စီမံကိန်းကြီး လေးခုရှိပါသည်။ မုတ္တမကမ်းလွန်၌ ရတနာ၊ ရဲတံခွန်နှင့်ဇောတိကစီမံကိန်း သုံးခုမှ နေ့စဉ်ပျမ်းမျှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၁၂၈၀ ခန့်ထုတ်လုပ်ပေးလျက်ရှိပြီး ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ နေ့စဉ်ပျမ်းမျှ သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၅၀ဝ ခန့်ထုတ်လုပ်ပေးလျက်ရှိပါသည်။ သာမန်အားဖြင့် မြန်မာ့ ကမ်းလွန်မှ သဘာဝဓာတ်ငွေ့အမြောက်အမြားထွက်ရှိနေကြောင်း တွေ့နေသော်လည်း ဖက်စပ်လုပ်ကိုင်ရန် ချုပ်ဆိုထားသောစာချုပ်ပါ ကန့်သတ်ချက်အရ ပြည်တွင်းသဘာဝဓာတ်ငွေ့သုံးစွဲနိုင်မှုမှာ နေ့စဉ်ပျမ်းမျှ သဘာဝဓာတ်ငွေ့ကုဗပေသန်းပေါင်း ၄၃၀ ခန့်ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ နောက်ကန့်သတ်ချက် တစ်ခုမှာ ကမ်းလွန်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရန် လုပ်ငန်းသဘောအရ အဆင့်ဆင့်ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်ရွက်မှုကာလ ကြာမြင့်ခြင်းပင်ဖြစ်သည်။ “ယခုရေတွင်းတူးပြီး၊ ယခုချက်ချင်းရေကြည် သောက်လို့မရ” ဆိုသည့်မြန်မာစကားပုံကဲ့သို့ ရေနံနှင့်သဘာဝဓာတ်ငွေ့သိုက်ကို ရှာဖွေတွေ့ရှိ်ပြီးသည်နှင့် ချက်ချင်းထုတ်ယူရရှိမှုမပြုနိုင်ပါ။

 

သဘာဝဓာတ်ငွေ့သိုက် စတင်တွေ့ရှိ

 

ပြီးခဲ့သောကမ်းလွန်စီမံကိန်းများကို ဥပမာပြု၍တင်ပြရလျှင် သဘာဝ ဓာတ်ငွေ့သိုက်ကို ၁၉၈၂ ခုနှစ်ကပင် မြန်မာ့ရေနံကော်ပိုရေရှင်း (MOC)က စတင်တွေ့ရှိခဲ့ပါသည်။ ၁၉၉၂ ခုနှစ်တွင် Total ရေနံ ကုမ္ပဏီကစာချုပ်ချုပ်ဆိုခဲ့ပြီး အကဲဖြတ်တွင်းများတူးဖော်ခဲ့ပါသည်။ Total ရေနံကုမ္ပဏီသည် ရတနာစီမံကိန်းကို ၁၉၉၂ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ခြောက်နှစ်ခန့်ကြာမှ လည်းကောင်း၊ ရဲတံခွန်ဓာတ်ငွေ့ကို ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီးနောက်ရှစ်နှစ်ခန့်ကြာမှလည်းကောင်း၊ Daewoo ရေနံကုမ္ပဏီသည် ရွှေသဘာဝဓာတ်ငွေ့ကို ၂၀ဝ၄ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုးနှစ်ခန့်ကြာမှလည်းကောင်း (First Gas)  ကိုအသီးသီး ထုတ်လုပ် နိုင်ကြပါသည်။

 

နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ

 

အဆိုပါသဘာဝဓာတ်ငွေ့စီမံကိန်းများသည် ရေအနက်မီတာ ၁၅၀ ထက်မပိုသော ပင်လယ်ရေတိမ်ပိုင်းတွင် တည်ရှိကြပါသည်။ ယခုလုပ်ကွက်အမှတ် A-6 တွင်တွေ့ရှိသော သဘာဝဓာတ်ငွေ့သည် ပင်လယ်ရေနက်ပိုင်း Ultra Deep ဟုခေါ်ဆိုရမည့် ရေအနက်မီတာ ၂၀ဝဝ ကျော်တွင် တည်ရှိနေသောကြောင့် ရတနာ၊ ရဲတံခွန်၊ ရွှေစီမံကိန်းများထက် အချိန်အားဖြင့်ပိုမိုကြာမြင့်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာပိုမိုများပြားမည်ဖြစ်ကာ နည်းပညာ ဆိုင်ရာစိန်ခေါ်မှုများစွာကိုလည်း ဖြတ်ကျော်ရမည်ဖြစ်ပါသည်။

 

အမှန်တကယ်ဂုဏ်ယူ ဝမ်းမြောက်ပီတိ အထူးပင်ဖြစ်မိ

 

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက် (၆၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင်ကြေညာခဲ့သော မြန်မာနိုင်ငံ၏ အနောက်ဘက်ကမ်းလွန်ဒေသရှိ လုပ်ကွက်အမှတ် A-6 တွင် တူးဖော်ခဲ့သည့်အစမ်းတွင်း ရွှေရည်ထွန်း-၁ ၌ သဘာဝဓာတ်ငွေ့တွေ့ရှိမှုသတင်းကိုလည်းကောင်း၊ လုပ်ကွက်အမှတ် A-6 မှာပင် ၂၀၁၈ ခုနှစ် ဩဂုတ်လ အတွင်း တူးဖော်ပြီးစီးခဲ့သည့် အကဲဖြတ်တွင်းများဖြစ်ကြသော ပြည်သစ်-၁နှင့် ရွှေရည်ထွန်း-၂ တို့၌ သဘာဝ ဓာတ်ငွေ့ထပ်မံတွေ့ရှိပြီး စီးပွားဖြစ်သဘာဝဓာတ်ငွေ့တွေ့ရှိမှုကို အတည်ပြုနိုင်ခဲ့သည့် သတင်းကိုလည်း ကောင်း ရည်ညွှန်း၍ နိုင်ငံသားတစ်ဦးအနေဖြင့် အမှန်တကယ်ဂုဏ်ယူဝမ်းမြောက်ပီတိ အထူးပင်ဖြစ်မိပါကြောင်း ဦးစွာပထမတင်ပြလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ မြန်မာနိ်ုင်ငံအနောက်ဘက်ကမ်းလွန်၏ တောင်ပိုင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့တည်ရှိမှုကို ပထမဦးဆုံးစီးပွားဖြစ်ရှာဖွေတွေ့ရှိ ဖော်ထုတ်နိုင်ခဲ့ ခြင်းနှင့် နောင်တွင်မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားတိုးတက်မှုအတွက် အဓိကပြောင်းလဲစေမည့် လျှပ်စစ် ဓာတ်အားပိုမိုသုံးစွဲနိ်ုင်သော အင်အားတစ်ခုဖြစ်လာမည့် အလားအလာရှိခြင်းကြောင့် ဖြစ်ပါသည်။

 

mdn

 

ပြန်လည်အပ်နှံ

 

မြန်မာနိုင်ငံအနောက်ပိုင်း ကမ်းလွန်ဒေသ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းစဉ်ကို ပြန်ကြည့်ပါက အလွန်စိတ်ဝင်စားစရာကောင်းသလိုစိန်ခေါ်မှုပေါင်းမြောက်မြားစွာကို ကြုံတွေ့ခဲ့ရကြောင်းတွေ့ရှိနိုင်ပါသည်။ လုပ်ကွက်အမှတ် A-6 နှင့်ပတ်သက်၍ MPRL E&P  ကုမ္ပဏီက ၁၀ဝ ရာခိုင်နှုန်းအပြည့် ရင်းနှီးမြှုပ်နှံမှုကို စိုက်ထုတ်၍ ၂၀ဝ၇ ခုနှစ် ဇန်နဝါရီလက စတင်ကာ PSC စာချုပ်ချုပ်ဆိုခဲ့ပြီး ရှာဖွေရေးလုပ်ငန်းများကို စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ ယင်းကုမ္ပဏီအနေဖြင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် မြေပေါ်ဘူမိဗေဒ ကွင်းဆင်းလေ့လာခြင်းအပါအဝင် ရေနံရှာဖွေရေးလုပ်ငန်းများဖြစ်သော ကမ်းလွန်တွင် ဆိုက်စမစ်တိုင်းတာ ခြင်းကိုစနစ်တကျအဆင့်ဆင့် ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရှိရပါသည်။ ထိုကာလအတွင်း လုပ်ကွက် အမှတ် A-6 ၏ မြောက်ဘက်ကပ်လျက်ဖြစ်သော လုပ်ကွက်အမှတ် A-5 ကို မလေးရှားအခြေစိုက် ရေနံကုမ္ပဏီတစ်ခုက အလားအလာမရှိဟူ၍လည်းကောင်း၊ တောင်ဘက်လုပ်ကွက်အမှတ် A-7 ကိုလည်း ကိုရီးယားအခြေစိုက်ရေနံကုမ္ပဏီတစ်ခုက ရင်းနှီးမြှုပ်နှံမှုရပ်ဆိုင်း၍လည်းကောင်း ယင်းတို့၏လုပ်ကွက်များကို MOGE သို့ပြန်လည်အပ်နှံခဲ့ကြကြောင်းလည်း ကြားသိခဲ့ရပါသည်။

 

အတည်ပြုနိုင်ခဲ့ခြင်းဖြစ်

 

ထို့နောက် လုပ်ကွက်အမှတ် A-6 တွင် ၂၀၁၂ ခုနှစ် မတ်လတွင်အစမ်းတွင်း ပြည်သာ တွင်းအမှတ်-၁ကို အောင်မြင်စွာ တူးဖော်နိုင်ခဲ့ပြီး သဘာဝဓာတ်ငွေ့ခိုအောင်းမ (Gas Discovery) ကို စတင်တွေ့ရှိခဲ့ကြပါသည်။ မြန်မာနိ်ုင်ငံဧရာဝတီအနောက်ဘက်ကမ်းလွန်တောင်ပိုင်းဒေသ၏ ပိုမိုစိတ်ဝင်စားဖွယ် အနာဂတ်ကို ပြည်သာတွင်းအမှတ်-၁ ၏ အောင်မြင်မှုဖြင့်စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း တွေ့ရှိနိုင်မည်ဖြစ်ပါ သည်။ ပြည်သာတွင်းအမှတ်-၁၌ သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိမှုကို အစပြုပြီး မြန်မာနိုင်ငံ ဧရာဝတီ အနောက်ဘက်ကမ်းလွန်ဒေသတွင် မြောက်မှတောင်ဘက်သို့ အနည်ကျသော (Bengal Fan System) နှင့် မတူညီဘဲကွဲပြားခြားနားသည့် အရှေ့ဘက် မြန်မာနိုင်ငံမှ အနောက်ဘက်ကမ်းလွန်သို့အနည်ကျပို့ချမှု (Paleo Ayeyarwady System) ရှိကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဘူမိဗေဒပညာရှင်အချို့က ပြောကြားခဲ့ကြပါသည်။

 

အခက်အခဲများစွာဖြင့် ကြိုးပမ်း

 

Pyi Thar Discovery နှင့်အတူ 2D ဆိုက်စမစ်အချက်အလက်များ အရ လုပ်ကွက်အမှတ် A-6 ၏ရေနက်ပိုင်းတွင် သဘာဝဓာတ်ငွေ့ခိုအောင်းနိုင်သော ကြီးမားသည့်ဘူမိဗေဒအနေအထားများရှိနေကြောင်း သိရှိနိုင်ခဲ့ကြပါ သည်။ သို့ရာတွင် ရေနက်ပိုင်းရှာဖွေရေးမှာ ငွေကြေးကုန်ကျစရိတ်လွန်စွာများပြားခြင်း၊ နည်းပညာမြင့်မားခြင်း တို့ကြောင့် MPRL E&P ကုမ္ပဏီတစ်ခုတည်းက ကြိုးပမ်းဆောင်ရွက်ခြင်းပြုရန် အခက်အခဲများစွာရှိကြောင်း လည်းသိရှိခဲ့ရပါသည်။ ထိုကြောင့်နောက်ပိုင်းတွင် ဩစတြေးလျအခြေစိုက် Woodside  ကုမ္ပဏီနှင့် ပြင်သစ်အခြေစိုက် Total E&P ကုမ္ပဏီတို့ပါ ပူးပေါင်းပြီး ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရှိရပါသည်။ လုပ်ကွက်အမှတ် A-6 အတွင်း ၂၀၁၃ ခုနှစ်တွင် “ပိတောက်” သုံးဖက်မြင်ဆိ်ုက်စမစ်(3D Seismic) ကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်ရွှေရည်ထွန်းအစမ်းတွင်း-၁ ကိုတူးဖော်ခဲ့ခြင်းကိုလည်းကောင်း၊ ၂၀၁၆ ခှုနှစ်တွင် “သဇင်” သုံးဖက်မြင်၊ 3D Seismic ကိုထပ်မံတိုးချဲ့တိုင်းတာခြင်းကိုလည်းကောင်း ဆောင်ရွက်ခဲ့သည်ဟု ဆိုပါသည်။ ၂၀၁၇ ခုနှစ်အရောက်တွင် ပြည်သစ် -၁နှင့် ၂၀၁၈ ခုနှစ်တွင် ရွှေရည်ထွန်း-၂ အကဲဖြတ်တွင်းများတူးဖော်ခဲ့ပြီး သဘာဝဓာတ်ငွေ့သိုက်ပမာဏကိုပိုမိုတိကျစွာ ခန့်မှန်းဖော်ထုတ်နိုင်ခဲ့ကြောင်းကိုလည်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သက်ဆိုင်ရာဖက်စပ်ကုမ္ပဏီများ ပူးပေါင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သိရှိခဲ့ရပါသည်။

 

ပထမဦးဆုံး ရေနက်ပိုင်းထုတ်လုပ်မှု

 

လုပ်ကွက်အမှတ် A-6 ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းသည် ပင်လယ်ရေနက်ပိုင်းမီတာ ၂၅၀ဝ ခန့်တွင် ဆောင်ရွက်ရမည်ဖြစ်ရာမြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရေနက်ပိုင်းထုတ်လုပ်မှု  Ultra Deep Water စီမံကိန်းတစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါသည်။ ကမ္ဘာတစ်ဝန်းမှာပင် ရေနက်ပိုင်းမှသဘာဝ ဓာတ်ငွေ့ ထုတ်လုပ်နေသောစီမံကိန်းပေါင်း ၁၆ ခုထက်မပိုဘဲ ယခုလုပ်ကွက်အမှတ် A-6 စီမံကိန်းသည်လည်း အထူးသဖြင့်ဒေသတွင်း ထူးခြားသောရေနက်ပိုင်းထုတ်လုပ်မှုစီမံကိန်းတစ်ခု ဖြစ်လာပါလိမ့်မည်။ ပညာရပ်ပိုင်း ဆိုင်ရာနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများစွာရှိပြီး သတ်မှတ်ချိန်အတွင်း လုပ်ငန်းများပြီးစီး ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်ကို ငွေအား၊ လူအားများစွာကိုအစွမ်းကုန်အသုံးပြု၍ ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်ရာတွင် MPRL E&P က (Operator) အဖြစ်လည်းကောင်း၊  Woodside  ကုမ္ပဏီက (Technical Operator , Exploration- Appraisal Phase) အဖြစ်လည်းကောင်း၊ Total E&P ကုမ္ပဏီက (Joint Operator, Development Phase) အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အထက်ပါသတင်းစာရှင်းလင်းပွဲများမှတစ်ဆင့် သိရှိခဲ့ရပြီး ဖြစ်ပါသည်။

 

အနာဂတ်တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ

 

လုပ်ကွက်အမှတ် A-6  မှထုတ်လုပ်မည့်သဘာဝဓာတ်ငွေ့ကို ပြည်တွင်းစွမ်းအင်လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် ပြည်ပသို့ရောင်းချခြင်းဖြင့် နိုင်ငံခြားငွေရရှိရေး စသည့်ရည်မှန်းချက်ထားရှိကြောင်း လည်း ဖော်ပြထားသည်ကို သိရှိရပါသည်။ ထို့ကြောင့် လုပ်ကွက်အမှတ် A-6 သည်ရွှေသဘာဝဓာတ်ငွေ့မြေကို စတင်ရှာဖွေတွေ့ရှိသည့် ၂၀ဝ၄ ခုနှစ်နောက်ပိုင်း ခုနစ်နှစ်ခန့်အကြာတွင်မှ ရှာဖွေတွေ့ရှိခဲ့သော မြန်မာ့ ကမ်းလွန်၏ ငါးခုမြောက်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ပေးမည့်စီမံကိန်းတစ်ခုအဖြစ် တိုင်းပြည်၏ အနာဂတ် တိုးတက်ဖွံ့ဖြိုးရေးအတွက်များစွာ အထောက်အကူပြုပေးနိုင်တော့မည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း သတင်းကောင်းပါး ရေးသားတင်ပြလိုက်ရပါသည်။