နေပြည်တော် ၁၀  ဇွန်

 

မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ကြီးကြပ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

 

အစည်းအဝေးသို့ ဗဟိုအဖွဲ့ဥက္ကဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ဝင်များ၊  တာဝန်ရှိသူများတက် ရောက်သည်။

 

ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ဗဟိုအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ် ၂၉ ရက်က ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် (၅) ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးတွင်လည်း ကမ်းရိုးတန်း၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တက်ရောက်လာသည့် အဖွဲ့ဝင်များကပွင့်လင်းရင်းနှီးစွားဖြင့် အဖြေထွက်သည် အထိဆွေးနွေးကြစေလိုကြောင်းပြောကြားသည်။

 

အစည်းအဝေးတွင် မြန်မာ့ကမ်းရိုးတန်းသို့ လာရောက်လည်ပတ်မည့်ခရီးသည် ပို့ဆောင်သည့် နိုင်ငံခြားရေယာဉ်များအား လုပ်ငန်းလိုင်စင် ယာယီထုတ်ပေးရာတွင် ခရီးစဉ်တစ်ခေါက်အတွက် နှုန်းထားများသတ်မှတ်ခြင်း၊ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ခြင်းမရှိသည့် လုပ်ငန်းများ၌ အသုံးပြုမည့် နိုင်ငံခြားရေယာဉ်တစ်မျိုးမျိုးကို အထူးကိစ္စရပ်အနေဖြင့် လုပ်ငန်း လိုင်စင် ထုတ်ပေးခြင်း၊ မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်းသွား ရေယာဉ်များနှင့် စက်မဲ့တွဲများ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးထားသည့် စာရင်းများအား အတည်ပြု မှတ်တမ်းတင်ခြင်း၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ်ပိုင်ရှင်အသင်းနှင့် ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်းတို့က တင်ပြသော ကမ်းရိုးတန်းသွားရေယာဉ်များနှင့် ပြည်တွင်း ရေကြောင်းသွားရေယာဉ်များ၏ ခုတ်မောင်းပြေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ စက်မဲ့ ဆီတင်တွဲနှင့် စက်မဲ့ကုန်တင်တွဲများ၏ ရေယာဉ်အန္တရာယ်ကင်းရှင်းကြောင်း သက်သေခံ လက်မှတ်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေလမ်းကြောင်းကောင်းမွန်ရေးကိစ္စရပ်များ၊ ပြည်တွင်းရေကြောင်း သွားရေယာဉ်များအတွက် ဆိပ်ကမ်းအခွန်ကောက်ခံခြင်းဆိုင်ရာ ကိစ္စရပ် များကို တက်ရောက်လာကြသည့် ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ကြီးကြပ်ရေးဗဟိုအဖွဲ့၊ အဖွဲ့ဝင်များနှင့် အစည်းအဝေးတက်ရောက်သူများ၏ ဆွေးနွေး ပြောကြားချက်များအပေါ် ပြည်ထောင်စုဝန်ကြီးကဤဗဟိုအဖွဲ့အစည်းအဝေးမှ ဆုံးဖြတ်သည့် အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့်ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းများကို ပိုမိုချောမွေ့စေရန်၊ အောင်အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန်အတွက် ရေယာဉ်ပိုင်ရှင် အသင်းအဖွဲ့များ ရေကြောင်းနှင့်ပတ်သက်သော အဖွဲ့အစည်းများပေါင်းစပ်ပြီး လုပ်ဆောင်သွား ရန်ပြောကြား ခဲ့ကြောင်းသိရသည်။ 

 

သတင်းစဉ်