သိန်းညွန့်(PZL)

 

“မြောက်ဇာမရီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော…”

 

ပဲခူးရိုးမတောင်တန်းကြီး၏ အလယ်ဗဟို ချက်မ….။ မြန်မာ့ကျွန်းသစ်ပေါက်ရောက်ရာ  မူရင်းဒေသ။ ဂေဟစနစ်အဖုံဖုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်ရပ်ဝန်း ... ။ ပဲခူးမြစ်၏ ရေဝေဒေသ၊ ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်နှင့် မင်းလှမြို့နယ် ရှိ မင်းလှဆည်တို့၏ အဓိကပင်မ ရေဝေဒေသ။

 

ဧရိယာအကျယ်အဝန်းအားဖြင့် ၂၄၂၉၃၈ ဒသမ ၄၈ ဧက(၃၇၉ဒသမ၅၉ စတုရန်းမိုင်) ကျယ်ဝန်းသော “မြောက်ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို သဘာဝပတ်ဝန်းကျင်နှင့်  ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းကာကွယ်နိုင်ရန်ရည်ရွယ်၍ ၂၀၁၄ ခုနှစ် မေလကပင် “တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် သတ်မှတ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 

ပေါင်းစပ်လွှမ်းခြုံ ဖွဲ့စည်းထား

 

ပဲခူးခရိုင် ပဲခူးမြို့နယ်နှင့် ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်၊ သာယာဝတီခရိုင်  လက်ပံ တန်း၊ မင်းလှ၊ အုတ်ဖိုနှင့် ကြို့ပင်ကောက်မြို့နယ် အတွင်းတည်ရှိသော အဆိုပါဘေးမဲ့တောအား မြောက်ဇာမရီ၊ တောင်ဇာမရီ၊ အိုင်ဒုံကွန်းနှင့် ရဲနွယ် ဟူသည့် ကြိုးဝိုင်းလေးခုတို့ကို ပေါင်းစပ်လွှမ်းခြုံ ဖွဲ့စည်းထားခြင်းဖြစ်သည်။

 

mdn

 

 

ဇီဝမျိုးစုံမျိုးကွဲ ပေါများကြွယ်ဝ

 

အပူပိုင်းသစ်တောမျိုးစိတ်များနှင့် ဇီဝမျိုးစုံမျိုးကွဲ ပေါများကြွယ်ဝလှသော “မြောက်ဇာမရီ တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော” သည် အထက်ရွက်ပြတ် ရောနှောတောစိုနှင့် တောခြောက်နှစ်မျိုးတို့ ဖြန့်ကြက် ထားကြောင်း တွေ့ရှိရသည်။

 

ပဲခူးမြစ်ကမ်းတစ်လျှောက် တောင်ကုန်းတောင်တန်းများထူထပ်သော ယင်းဒေသသည် ပဲခူး မြစ်ကမ်းနံဘေးအပါအဝင် မြစ်ကမ်းတစ်လျှောက်မှအပ အခြားနေရာများသည် ပင်လယ်ရေ မျက်နှာပြင် အထက် မီတာ ၄၂၀ ၌ တည်ရှိကြောင်း သိရှိမှတ်သားရသည်။

 

မြန်မာ့ကျွန်းသစ်၏ မူရင်းဌာနေ

 

အဆိုပါနယ်မြေဒေသသည် မြန်မာ့ကျွန်းသစ်၏ မူရင်းဌာနေဖြစ်သည်သာမက ပျဉ်းကတိုး၊ ပိတောက်၊ အင်၊ ကညင်၊ ထောက်ကြံ့၊ ဒီဒူး၊ ဖန်ခါး၊ နဘဲ၊ မအူ၊ ယမနေ၊ မျောက်ငိုနှင့်နှော အစရှိသည့် အပူပိုင်းသစ် မျိုးစိတ် ၉၃ မျိုးတို့ ရှင်သန်ပေါက်ရောက်နေကြသော ဘေးမဲ့တောကြီးလည်း ဖြစ်ပေသည်။

 

mdn

 

ထို့ပြင် ဆင်၊ ပြောင်၊ စိုင်၊ ဆတ်၊ ကျားသစ်၊ အင်းကျား၊ တောဆိတ်၊ တောခွေး၊ ဂျီ၊ ဝက်ဝံ၊ ဖြူနှင့် မျောက်မျိုးစိတ် စသောနို့တိုက်သတ္တဝါမျိုးစိတ် ၂၅ မျိုး ကျင်လည်ကျက်စားလျက်ရှိသည့် တောကြီးဂနိုင်လည်း ဖြစ်ချေသည်။

 

ရှားပါးငှက်များ ကျင်လည်ကျက်စား

 

ငှက်မျိုးစိတ်ပေါင်း ၁၂၆ မျိုး ပျော်စံကြရာ အဆိုပါ ဘေးမဲ့တောအတွင်း အောက်ချင်း၊ အောင်လောင်၊ သစ်တောက်ငှက်၊ သိမ်းငှက်တို့အပြင် ရှားပါးငှက် အမျိုးအစားဖြစ်သည့် ဒေါင်းစိမ်း (ဥဒေါင်း)ငှက်များ ကျင်လည်ကျက်စားသည်ကိုလည်း တွေ့ရှိရကြောင်း မှတ်တမ်းပြုစုထားချက်အရ သိရှိရပေသည်။

 

မြန်မာ့ဂုဏ်ဆောင်ငှက်

 

ဒေါင်းစိမ်း(ခေါ်) ဥဒေါင်းငှက်သည် “မြန်မာ့ ဂုဏ်ဆောင်ငှက်” အဖြစ် ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းကပင် “အမျိုးသားရေးသင်္ကေတ” လည်း ဖြစ်ခဲ့ပေသည်။ ရစ်မျိုးနွယ် ငှက်မျိုးစိတ် တစ်မျိုးဖြစ်သော ဥဒေါင်းငှက်၏ ကိုယ်နေဟန်ထားသည်ပင် အခြားငှက်မျိုးစိတ်များနှင့်မတူ ကွဲပြားကာ အလွန်လှပ၍ ပနံရလှသည်။ မျိုးသုဉ်းလုနီးပါးဖြစ်နေသော ဥဒေါင်းငှက်သည် မြောက်ဇာမရီဘေးမဲ့တောအပြင် ရွှေစက်တော်ဘေးမဲ့တောနှင့် မြောက်ဦးတောများအတွင်း အကောင်ရေ ၂၀ မျှသာ ကျန်ရှိတော့ကြောင်း ၂၀၁၃ ခုနှစ်အတွင်း ငှက်စာရင်းကောက် သုတေသနပြုနေသူအချို့က ကွင်းဆင်းမှတ်တမ်း ပြုစုနိုင်ခဲ့သည်။

 

ဥဒေါင်းငှက်၏ထူးခြားသော လက္ခဏာတစ်ရပ်မှာ အလွန်ရှက်တတ်သော သဘာဝရှိခြင်းပင် ဖြစ်သည်။ ဒေါင်းစိမ်း (ခေါ်) ဥဒေါင်းငှက်သည် မြန်မာနိုင်ငံ၏ အမျိုးသားရေးအသွင် ဆောင်လျက်ရှိပေရာ သစ်တောဦးစီးဌာနက “ငှက်ရတနာ ဥဒေါင်းမှာ၊ မြန်မာပြည်ရဲ့ ဂုဏ်ပုဒ်ပါ၊ ကမ္ဘာတည်သရွေ့ခိုင်မြဲဖို့၊ တို့များဝိုင်းဝန်းစို့” ဟူသော ဆောင်ပုဒ်ဖြင့် ထိန်းသိမ်း ကာကွယ် နှိုးဆော်ထားသည်။

 

ရေရှည်တည်တံ့ရေး

 

သို့ဖြစ်သည်နှင့်အညီ သဘာဝအပင်များ ရှင်သန်ပေါက်ရောက်နေပြီး ကောင်းမွန်သော ဂေဟစနစ်များ အနာဂတ်ကာလတိုင် ရေရှည်တည်တံ့ရန်နှင့် သဘာဝသယံဇာတပစ္စည်းများ ဖြစ်တည်နေသော မြန်မာနိုင်ငံအလယ်ပိုင်း ပဲခူးရိုးမတစ်ကြောရှိ “မြောက် ဇာမရီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” ကို ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့်လည်းကောင်း၊ ရှားပါးဥဒေါင်းငှက်များအပါအဝင် အခြားသော တောရိုင်းတိရစ္ဆာန်များ ရေရှည်ရှင်သန် ရပ်တည်ရေးအတွက်လည်းကောင်း၊ သစ်တောဦးစီးဌာန၏ ရည်မှန်းချက်များ ပေါက်မြောက် အောင်မြင်ရေးအတွက်လည်းကောင်း ပေါင်းစည်းယှက်နွှယ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြပါကြောင်း နှိုးဆော်သမှု ပြုလိုက်ရပါသတည်း။