နေပြည်တော် ၃ ဇန်နဝါရီ
ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များ ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းဝယ်နိူင်ရေးအတွက် မြန်မာကျပ်ငွေဖြင့် ရောင်းချသော ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပသည်။

အဆိုပါ ကျောက်မျက်ရတနာ ရောင်းချပွဲကို သဘာဝနှင့် ပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဦးဆောင်မူဖြင့် ဇန်နဝါရီ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

“တင်ပြရောင်းချတဲ့ ကျောက်တွဲတွေအများဆုံးက ကုမ္မဏီနဲ့ အစိုးရ အကျိုးတူ ကျောက်တွဲတွေ ပါတယ်၊ ဝယ်တဲ့ကုန်သည်တွေ အနေနဲ့လဲ ကြမ်းခင်းဈေး သက်သာတယ်၊ တန်ပုံ ကျောက်တွေထဲက အစကောင်း(အရည်) ပါတတ်တဲ့အတွက်ရော၊ အချပ်လိုင်း/ လက်ကောက်လိုင်း/ပုတီးလိုင်း/ ပန်းပုလိုင်း စသည်ဖြင့် ကိုယ့်လိုင်းအတိုင်း အဖွဲ့လိုက် လာရောက်ဝယ်ယူကြတာ၊ ကျောက်ကုန်ကြမ်းက တစ်နှစ်ထက် တစ်နှစ် ရှားလာပြီ” ဟု နေပြည်တော်မှ ဝယ်ယူသူကုန်သည်တစ်ဦးက ပြောသည်။

“မြန်မာကျပ်ငွေနဲ့ ရောင်းချတဲ့ ကျောက်မျက်ရောင်းဝယ်ရေး ပြပွဲတွေကို မန္တလေး၊ စစ်ကိုင်း စတဲ့မြို့ကြီးတွေမှာ သက်ဆိုင်ရာက ကြီးကြပ်ဆောင်ရွက် ကျင်းပပေးနေပြီး နေပြည်တော်မှာ ကျင်းပတဲ့ ရောင်းချပွဲက ပိုပြီး ကျောက်ကောင်းများပါတယ်” ဟု ကျောက်မျက်ရောင်းဝယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုပြပွဲတွင် ကြမ်းခင်းဈေး ကျပ်ဆယ်သိန်း မှ ကျပ်သိန်းသုံးထောင့်ငါးရာအထိ ရှိပြီး ကျောက်စိမ်း အတွဲပေါင်း ၃၆၉၅ တွဲ ကို ပြည်တွင်းကျောက်မျက်ကုမ္မဏီများက တင်ပြရောင်းချထားရာ ဇန်နဝါရီ ၅ ရက်နေ့မှ စတင်၍ ၇ ရက်နေ့အထိ တစ်နေ့လျှင် ကျောက်စိမ်းအတွဲ ၁၂၅၀ တွဲအား ပြည်တွင်းကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ထည့်သွင်း ဝယ်ယူကြမည်ဖြစ်ကြောင်း သိရသည်။

ခွန်(ဝင်းပ)