နေပြည်တော် ၁၁ ဇွန်
မြန်မာကျပ်ငွေဖြင့် ပြသရောင်းချသည့် ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ဆက်လက်ကျင်းပသည်။
ပြပွဲကျင်းပသည့် နံနက်ပိုင်းမှစတင်၍ ကျောက်စိမ်းအရိုင်းဝယ်ယူခွင့်ရရှိသူများ စာရင်းထုတ်ပြန်ကြေညာလျက်ရှိသည့် ကျောက်စိမ်းခန်းမအတွင်းနှင့် ကျောက်စိမ်းခန်းမ အပြင်ဘက်ရှိ ကျောက်စိမ်းအရိုင်းပြကွက်များတွင် ပြည်တွင်းကျောက်မျက်ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။
နံနက် ၁၀ နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ရှိသူများနှင့်အတူ သတ်မှတ်ဇုန်များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းပြကွက်များအားလေ့လာကြည့်ရှုပြီး ဈေးနှုန်းအဆိုပြုလွှာများတင်သွင်းရန် လေ့လာနေကြသည့် ကျောက်မျက်ရတနာကုန်သည်များအား ကြည့်ရှုအားပေးသည်။
ယနေ့ ဇွန်လ ၁၁ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁ မှ ၁၀၅၀ တွဲထိပြသခဲ့ရာ မြန်မာကျပ်ငွေ ၁၈၈၀ဝ ဒသမ ၁၆ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းအတွဲ ၁၀၃၈ တွဲ ရောင်းချခဲ့ရ ပြီး ဇွန်လ ၁၂ ရက်တွင် ကျောက်စိမ်းအရိုင်းအတွဲအမှတ် ၁၀၅၀ မှ ၂၁၀ဝ ထိ ကိုလည်းကောင်း၊ ဇွန် လ ၁၃ ရက်တွင် အတွဲအမှတ် ၂၁၀ဝ မှ ၃၁၀၈ တွဲထိကိုလည်းကောင်း ဆက်လက်ရောင်းချသွားမည်ကြောင်းသိရသည်။
"ကျောက်မျက်ရတနာတွေပြသရောင်းချတဲ့နေရာမှာပွဲမှာနိုင်ငံခြားငွေနဲ့ ရောင်းချတဲ့ပြပွဲနဲ့ မြန်မာကျပ်ငွေနဲ့ရောင်းချတဲ့ပြပွဲဆိုပြီး ပြပွဲအမျိုးအစားနှစ်မျိုးရှိပါတယ်၊ နိုင်ငံခြားငွေနဲ့ရောင်းချတဲ့ပြပွဲကတော့ နိုင်ငံခြားသားကျောက်မျက် ရတနာကုန်သည်တွေရဲ့ ဝယ်လိုအားကိုကြည့်ပြီး နိုင်ငံခြားငွေရရှိစေဖို့ကျင်းပတာဖြစ်ပြီး မြန်မာကျပ် ငွေနဲ့ရောင်းချတဲ့ပြပွဲကိုတော့ ပြည်တွင်းမှာရှိတဲ့ကျောက်မျက်ရတနာလုပ်ငန်းရှင်အငယ်တွေကျောက်ကုန်ကြမ်းရရှိစေဖို့ဖြစ်ပြီး ရောင်းချတဲ့ကုန်သည်တွေအတွက်လည်း မြန်မာကျပ်ငွေနဲ့ ပြသရောင်းချတဲ့နေရာအခွင့်အလမ်းရရှိစေဖို့နဲ့ ငွေကြေးလည်ပတ်စေနိုင်ဖို့ဖြစ်ပါတယ်၊ ဒီလို ရည်ရွယ်ချက်တွေနဲ့မြန်မာကျပ်ငွေနဲ့ပြသရောင်းချပွဲတွေကျင်းပရခြင်းဖြစ်ပါတယ်" ဟု မြန်မာကျပ်ငွေဖြင့်ပြသရောင်းချပွဲဖြစ်ပေါ်လာပုံကို ကျောက်မျက်ရတနာပြပွဲကျင်းပရေး ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဇော်ဦး ကပြောပြသည်။
"ပြပွဲမှာ ကျောက်စိမ်းအရိုင်းတွေနဲ့ ကျောက်မျက်ရတနာအရိုင်း တွေပါဝင်ပါတယ်၊ ကျောက်မျက်ရတနာအရိုင်းတွေကို မိုးကုတ်မြို့က အများအားဖြင့်လာရောက်ဝယ်ယူကြပြီး ကျောက်စိမ်းအရိုင်းတွေကိုတော့ မန္တလေးမြို့မှာနေတဲ့ ကုန်သည်တွေလာရောက်ဝယ်ယူကြတာ များပါတယ်၊ ပြပွဲစာရင်းအရ ကျောက်မျက်ရတနာကုန်သည် နှစ်ထောင်ခန့်တက် ရောက်နေပါတယ်၊ ရောင်းသူရော ဝယ်သူကိုပါ ရတနာကုန်သည်လို့သတ်မှတ်ပြီး လက်ရှိဝယ်ယူသူ ၄၀ဝ ခန့်ရှိပါတယ်၊ အာမခံစပေါ်ငွေသွင်းသူတွေကို အမှန်တကယ် ဝယ်ယူမယ့် ရတနာကုန်သည်လို့သတ်မှတ်ပြီး ကျန်သူတွေကပြသရောင်းချပွဲကို အထောက်အကူဖြစ် စေတဲ့သူတွေဖြစ်ပါတယ်" ဟု ၄င်းက ဆိုသည်။
"ဒီနေ့ကတော့ ကျောက်စိမ်းတွဲရောင်းချတဲ့ပထမနေ့ဖြစ်ပါတယ်၊ ဝယ်ယူခွင့်ရရှိသူတွေကို သေချာစွာစိစစ်ထုတ်ပြန်ပေးလျက်ရှိပါတယ်၊ အိတ်ဖွင့်တင်ဒါစနစ်နဲ့ရောင်းချပေး ခြင်းဖြစ်ပါတယ်၊ သတ်မှတ်ထားတဲ့ဇုန်တွေမှာ အနီးစပ်ဆုံး ပုံသဏ္ဍာန်တူ အမျိုးအစားတူ ကျောက်တွေကို အတွဲလိုက် ခင်းကျင်းပြသထားပါတယ်၊ ကျောက်စိမ်းအရိုင်းအတွဲ ၃၁၀၈ တွဲ ပြသထားပါတယ်။ ကျောက်တွဲတစ်တွဲခြင်းစီတိုင်းမှာ ကျောက်ရဲ့တွဲအမှတ် ၊ အလေးချိန်၊ အတုံးအရေအတွက် တွေကိုလည်းဖော်ပြထားပါတယ်၊ အဲဒါကို ကြည့်ပြီးအမြင့် ဆုံးပေးနိုင်တဲ့ဈေးနှုန်းအဆိုပြုလွှာတွေကိုတင်သွင်းရမှာဖြစ်ပါတယ်၊ လုံလောက်တဲ့ အာမခံ စပေါ်ငွေသွင်းထားပြီး ဈေးနှုန်းအများဆုံးပေးတဲ့သူကို ဝယ်ယူခွင့်ထုတ်ပြန်ကြေညာပေးပါတယ်၊ ကျောက်စိမ်းရဲ့ အခြေခံဈေးကို ၁၀ သိန်းသတ်မှတ်ထားပါတယ်၊ အာမခံစပေါ်ငွေရဲ့ ၁၀ ဆ ဝယ်ယူခွင့်ပြုထားပါတယ်" ဟု အထွေထွေမန်နေဂျာ ဦးသန်းဇော်ဦး က ပြောသည်။
အခွန်ကောက်ခံရရှိမှုများနှင့်ပတ်သက်၍လည်း ၄င်းကဆက်လက်ရှင်းပြသည်။
"ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ကျောက်စိမ်းအရိုင်းတွေအပေါ်မှာ ၁၅ ရာခိုင်နှုန်း၊ ကျောက်မျက်အရိုင်းတွေအပေါ် ၁၀ ရာခိုင်နှုန်းပြဋ္ဌာန်းထားပါတယ်၊ ကျောက်မျက်ရတနာဥပဒေအရ ဝန်ဆောင်ခအနေနဲ့ ကျောက်စိမ်းအရိုင်းထည်တွေအပေါ် ၃ ရာခိုင်နှုန်းနဲ့ အချောထည်အပေါ် ၁ ရာခိုင်နှုန်းကောက်ယူပါတယ်" ဟု ပြောသည်။
ဈေးနှုန်းအဆိုပြုလွှာတင်သွင်းရန် လေ့လာကြည့်ရှုလျှက်ရှိသည့် ကျောက်မျက် ရတနာကုန်သည် ကိုအောင်သာထူး က `` မန္တလေးကနေလာရောက်ရခြင်းဖြစ်ပါတယ်၊ မြန်မာကျပ်ငွေနဲ့ပြသရောင်းချပေးတဲ့အတွက် အလွှာမျိုးစုံက လူတန်းစားမျိုးစုံ လာရောက် လေ့လာဝယ်ယူနိုင်တာပေါ့ဗျာ၊ ကြမ်းခင်းဈေးကလည်း ၁၀ သိန်းသတ်မှတ်ထားတယ်ဆိုတော့ သူနိုင်တဲ့အတန်းနဲ့သူ ဝယ်ယူကြတယ်၊ မြန်မာကျပ်ငွေနဲ့ဆိုတော့ လူတန်းစားမျိုးစုံ အဆင်ပြေတယ်လို့ပြောရမှာဖြစ်ပါတယ်၊ ကျောက်မျက်ရတနာဆိုတာ ဈေးကွက်အပေါ်မူတည်ဆောင်ရွက်ကြရတာဖြစ်ပါတယ်၊ အကျိုးတူရောင်းဝယ်တဲ့နေရာမှာ ဝယ်ယူပြီးရင် အောင်နိုင်မယ်လို့ယူဆရတဲ့ကျောက်တွေကိုတော်တော်များများတွေ့ရပါတယ်၊ ကျောက် အရောင်းအဝယ်ဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး အယူအဆမတူနိုင်ပါဘူး၊ ကျောက်မျက် ရတနာကုန်သည်တွေအားလုံးကို အဆင်ပြေချောမွေ့စေချင်ပါတယ်၊ မြန်မာ့ကျောက်မျက် ဈေးကွက်ပိုပြီး ဦးမော့လာနိုင်စေချင်တယ်၊ နိုင်ငံကို အခွန်မဆောင်ဘဲပြည်ပကို ခိုးထွက်နေတဲ့လမ်းကြောင်းတွေကို တင်းတင်းကြပ်ကြပ်တားမြစ်စေချင်တယ်၊ မန္တလေးမှာ ကျောက်မျက်ရတနာတွေရောင်းဝယ်တဲ့အခါ တရားဥပဒေနဲ့အညီအာမခံပေးတဲ့အဖွဲ့အစည်း တစ်ခုအခိုင်အမာရှိစေချင်တယ်၊ ဒါမှလည်း မြန်မာ့ကျောက် မျက်ရတနာတွေဟာ ပိုပြီးတန်ဖိုးရှိလာမယ်၊ နိုင်ငံတော်လည်းအခွန်ငွေတွေများများရမယ်၊ လူထုလူတန်းစားမျိုးစုံလည်း ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်" ဟု ၄င်းဆိုသည်။
မင်းမင်းဇော်(ကလေးဝ)