ရန်ကုန် ၂၂ ဒီဇင်ဘာ
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ ကမ္ဘာ့လေကြောင်း ဘေးအန္တရာယ်ကင်းရှင်းမှု စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်အရ မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးကဏ္ဍ၏ ဘေးအန္တရာယ်ကင်းရှင်းမှု စံနှုန်းအား ဒီဇင်ဘာ ၁၀ရက်မှ ၂၁ ရက်အထိ လာရောက် စစ်ဆေးခဲ့ရာ စစ်ဆေးခြင်းပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန လေကြောင်းပညာသိပ္ပံ၌ကျင်းပရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းလွင်က စစ်ဆေးရေးအဖွဲ့မှ သက်ဆိုင်ရာ ဧရိယာအလိုက် စစ်ဆေးတွေ့ရှိချက်များကို ရှင်းလင်းပြောကြားသည်။
“ICAO အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ လေကြောင်းဘေးအန္တရာယ်ကင်းရှင်းဖို့ လေဆိပ်တွေ၊ လေကြောင်းလိုင်းတွေ၊ လေယာဉ်မှူးတွေ၊ လေယာဉ်အင်ဂျင်တွေ၊ အင်ဂျင်နီယာတွေ၊ အင်ဂျင်နီယာ အဖွဲ့အစည်းတွေ၊ လေကြောင်း ထိန်းသိမ်းရေး ဝန်ထမ်းတွေကို ICAO ရဲ့ စံချိန် စံညွှန်းတွေနဲ့အညီ ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးခြင်း ဖြစ်ပါတယ်”ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ပြောသည်။
မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ်မှ တာဝန်ပေးအပ်ထားသည့် Mr. Junjian Nie ခေါင်းဆောင်သော အဖွဲ့ဝင် ငါးဦးပါဝင်သော နိုင်ငံတကာ မြို့ပြလေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများက ICAO မှ ချမှတ်ထားသော စံချိန်စံညွှန်းနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ လေဆိပ်များအား စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်၊ ICAO မှ စစ်ဆေးရေး အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်တွင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)အနေဖြင့် မြန်မာနိုင်ငံကို ယင်းကဲ့သို့ လေကြောင်းဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေးခြင်းကို ၂၀၁၀ ပြည့်နှစ်က တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်က တစ်ကြိမ် လာရောက်စစ်ဆေးခဲ့ပြီး ယခုအကြိမ်စစ်ဆေးမှုမှာ တတိယအကြိမ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စစ်ဆေးမှုအကြိမ်တိုင်းတွင် လေကြောင်းကဏ္ဍ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှု အဆင့်အတန်း ရလဒ်စစ်ဆေးမှု အောင်မြင်ခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) သည် ကုလသမဂ္ဂလက်အောက်တွင်ရှိသော နိုင်ငံများ လေကြောင်းအန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ပြီး ဌာနချုပ်ရုံးစိုက်ရာ မြို့မှာ ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌ တည်ရှိကြောင်း၊ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၂ နိုင်ငံရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခုနှစ်ကတည်းက ICAO အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်စိုး