ရန်ကုန် နို၀င်ဘာ ၄
၂၀၂၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချန်ဒူးတွင်ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲအတွက် ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ Puerto Princesa မြို့တွင် နို၀င်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup) မြန်မာလှေလှော် အားကစားအသင်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိခဲ့သည်။
အဆိုပါ အမျိုးသား + အမျိုးသမီး မီတာ ၂၀၀ (၁၀)တက်လှော် ဗိုလ်လုပွဲပြိုင်ပွဲကို နို၀င်ဘာ ၂ ရက်က မြန်မာ၊ အင်ဒိုနီးရှား၊ တရုတ်(တိုင်ပေ)၊ စပိန်၊ ဖိလစ်ပိုင်၊ ဟန်ဂေရီအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အင်ဒိုနီးရှားအသင်းက ပထမ(ရွှေတံဆိပ်)၊ မြန်မာအသင်းက ဒုတိယ(ငွေတံဆိပ်)၊ တရုတ်(တိုင်ပေ)အသင်းက တတိယ(ကြေးတံဆိပ်) ရရှိခဲ့ကြသည်။ ထို့အပြင် နို၀င်ဘာ ၃ ရက်က အမျိုးသား+အမျိုးသမီး မီတာ ၅၀၀ (၁၀)တက်လှော်ဗိုလ်လုပွဲတွင် မြန်မာ၊ ဟန်ဂေရီ၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ ယူကရိန်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)၊ ဟန်ဂေရီအသင်းက ဒုတိယ(ငွေတံဆိပ်)၊ အင်ဒိုနီးရှားအသင်းက တတိယ(ကြေးတံဆိပ်)တို့ ရရှိခဲ့ကြသည်။
ယင်းလက်ရည်စစ်ပြိုင်ပွဲများဖြစ်သည့် အမျိုးသား (၁၀)တက်လှော် မီတာ ၂၀၀၀၊ အမျိုးသား (၈)တက်လှော် မီတာ ၂၀၀၀၊ အမျိုးသား+အမျိုးသမီး (၈)တက်လှော် မီတာ ၂၀၀၀၊ အမျိုးသား+အမျိုးသမီး (၁၀)တက်လှော် မီတာ ၂၀၀ နှင့် အမျိုးသား+အမျိုးသမီး (၁၀)တက်လှော် မီတာ ၅၀၀ ပြိုင်ပွဲများတွင် အသင်း ၁၆ သင်းအား အုပ်စုလေးစုခွဲ၍ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင့် ဖိုင်နယ်အဆင့်များအထိ အဆင့်ဆင့်ယှဉ်ပြိုင်ခဲ့ကြရသည်။
မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများသည် အောက်တိုဘာ ၂၄ ရက်မှ နို၀င်ဘာ ၃ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွင် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်နှစ်ခုနှင့် ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြို့တွင် ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ (2024 ICF Dragon Boat World Cup)တွင် ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ်တစ်ခုတို့ ရရှိခဲ့ကြပြီး လက်ရည်စစ်ပြိုင်ပွဲများအပြီးတွင် မြန်မာလှေလှော်အားကစားအသင်းအနေဖြင့် ရွှေတံဆိပ် ခြောက်ခု၊ ငွေတံဆိပ်သုံးခု ရရှိခဲ့သည်။ ၎င်းပြိုင်ပွဲမှ အကောင်းဆုံး (၁၂)သင်းမှာ ၂၀၂၅ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချန်ဒူးမြို့တွင် သြဂုတ် ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျင်းပမည့် ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ မြန်မာလှေလှော် အားကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)