နေပြည်တော်၊ မတ် ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနနှင့် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thailand International Cooperation Agency-TICA) တို့သည် Project on Development of Micro Enterprise (AG 4.2) ကို (၃) နှစ်စီမံကိန်းဖြင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ မြန်မာနိုင်ငံရှိလက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို မတ် ၁၉ ရက်မှ ၂၁ ရက်အထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပခဲ့သည်။ 
အလုပ်ရုံဆွေးနွေးပွဲတွင် ISMED အဖွဲ့မှ ပညာရှင်များဖြစ်သည့် Miss Jiratha Aganidat (Marketing Consultant) ၊ Mr. Parnuwat Jangjunram (Expert in designing and developing new products) တို့ ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးဌာနတွင် လုပ်ငန်းမှတ်ပုံတင် ထားသော လက်မှုလုပ်ငန်းရှင်များနှင့် နည်းပညာရပ်များဖလှယ်ခြင်း၊ ပြည်ပဈေးကွက်များသို့ ထိုးဖောက်ချိတ်ဆက်ခြင်းဆိုင်ရာများ၊ ကုန်ပစ္စည်းထုပ်ပိုးခြင်းဆိုင်ရာများ၊ ကုန်အမှတ်တံဆိပ် (Logo) များ ရေးဆွဲနည်းဆိုင်ရာများ၊ မိမိတို့၏ လုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော Website ရေးဆွဲရာတွင် ထားရှိသင့်သည့် ဒီဇိုင်းများ၊ အရောင်များနှင့်  Website အမည်ပေးခြင်းစသည့် လက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကျင်းပဆောင်ရွက်ခြင်းကြောင့် မြန်မာနိုင်ငံရှိ လက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးပြည့်မီစွာ ထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်း/ ပြည်ပ ဈေးကွက်ရှာဖွေရာတွင် လွယ်ကူချောမွေ့လာစေခြင်းနှင့် မြန်မာ့လက်မှုထည်များ၏ လက်ရာဒီဇိုင်းများကို နိုင်ငံတကာမှ ပိုမိုစိတ်ဝင်စားလာခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှ First Secretary Mr. Wuthikiat Chaicharna ဦးဆောင်သော TICA နှင့် ISMED အဖွဲ့များမှ ကိုယ်စားလှယ်များသည် မတ် ၁၉ ရက်၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့နှင့် လာရောက်တွေ့ဆုံ၍ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ယွန်း၊ ရက်ကန်းဆိုင်ရာ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိဆောင်ရွက်နေသည့် စီမံကိန်းများနှင့် (၂) နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်