ပင်းတယ ၁၄ သြဂုတ်
ရှမ်းပြည်နယ်တောင်ပိုင်း ကလော၊ ရွာငံနှင့် ပင်းတယမြို့နယ် ဝန်းကျင်တွင် လက်ဖက်ပင် အများအပြား စိုက်ပျိုးကြကာ လက်ဖက်ရောင်းအား ပို၍ကောင်းလာခြင်းကြောင့် တွက်ချေကိုက်လျက်ရှိကြောင်း လက်ဖက် စိုက်ပျိုးသူများထံမှ သိရသည်။
လက်ဖက်အစို တစ်ပိသာလျှင် ၁၅၀ဝ ကျပ်မှ ၂၅၀ဝ ကျပ်နှင့် လက်ဖက်ခြောက် တစ်ပိသာလျှင် ၅၅၀ဝ ကျပ်မှ ၇၀ဝ၀ ကျပ် ဈေးနှုန်းဖြင့် ပြည်၊ ပျဉ်းမနား၊ တပ်ကုန်း၊ မန္တလေးနှင့် မြင်းခြံမြို့များသို့ အများဆုံး တင်ပို့ရောင်းချလျက်ရှိပြီး လက်ဖက်ရောင်းအား ပိုကောင်းလာသောကြောင့် တွက်ချေကိုက်လျက်ရှိကြောင်း ကလောမြို့နယ်တွင် လက်ဖက်စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။
“အရင်ကထက်ဆိုရင် ဈေးနဲ့ ရောင်းအား ပိုတက်လာတယ်။ လက်ဖက်အစိုထက် လက်ဖက်ခြောက်က ပိုပြီးရောင်းအား ကောင်းတယ်။ ကျွန်တော်တို့က အများအားဖြင့် ပင်းတယနဲ့အောင်ပန်းကို တင်ပို့ရောင်းချရတယ်။” ဟု ပင်းတယမြို့နယ် ဒရယ်အင်းကျေးရွာတွင် လက်ဖက်စိုက်ပျိုးသူ ကိုကြည်စိုးမှ ပြောသည်။
လက်ဖက်ပင်သည် နှစ်ရှည်ခံသီးပင်အမျိုးအစားဖြစ်ပြီး မိုးဦးကျကာလဖြစ်သည့် ဇူလိုင်လနှင့် မိုးဦးစောလျှင် ဇွန်လတွင် စိုက်ပျိုးနိုင်ပြီး လက်ဖက်အစေ့ကို စိုက်ပျိုးခြင်းသည် လက်ဖက်ပျိုးပင် စိုက်ပျိုးခြင်းထက် အပင်ရှင်သန်နိုင်နှုန်း ပိုများကြောင်းသိရသည်။ လက်ဖက်ပင်သည် ဆောင်းရာသီတွင် နှင်းခါးများကို ကြောက်သဖြင့် အပင်သက်တမ်း ၂ နှစ်အထိ နှင်းခါးများ ကျရောက်မှုဒဏ်ကို ကာကွယ်ပေးရကြောင်း သိရသည်။
တင်ဇာလှိုင် (ပြန်/ဆက်)


