ရန်ကုန် ၇ ဖေဖော်ဝါရီ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိကျင်းပမည့် အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲယှဉ်ပြိုင်ရန် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်သည်။

ယင်းပြိုင်ပွဲတွင် အိမ်ရှင်အိန္ဒိယ၊ မြန်မာ၊ အီရန်နှင့် နီပေါအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြင့်ကျင်းပကာ အမှတ်အများဆုံးနှစ်သင်းမှာ ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဖေဖော်ဝါရီ ၉ ရက်တွင် နီပေါအသင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် အီရန်အသင်း၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် အိမ်ရှင်အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဧပြီပထမပတ်တွင် ယှဉ်ပြိုင်ရမည့် ၂၀၂၀ တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ် - ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ -ဦးမြကိုမင်း၊ မီဒီယာတာဝန်ခံ-ဦးဇေသူအောင်၊ အားကစားသမားများအဖြစ် ဂိုးသမား - ဇာဇာမြင့်၊ မေဇင်နွယ်၊ နောက်တန်း- ဝေဝအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF