မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲကစားမည့်အသင်းများ ထုတ်ပြန်

၁၉ ဇွန်

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန်နောက်ဆုံးပတ်မှစတင်ကာ ပြည်တွင်းခြေစမ်းခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ယင်းခြေစမ်းခရီးစဉ်တွင် ခြေစမ်းကစားမည့်အသင်းများ ထုတ်ပြန်လိုက်ပြီဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇွန် ၂၈ ရက်မှ ဇူလိုင် ၅ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တို့တွင် ခြေစမ်းပွဲသွားရောက်ကစားမည်ဖြစ်ပြီး မော်လမြိုင်မြို့တွင် ဇွန် ၂၉ ရက်၌ မွန်ပြည်နယ် Old Star အသင်း၊ ဇွန် ၃၀ ရက်တွင် အား/ကာသိပ္ပံ (မော်လမြိုင်) အသင်း၊ ထားဝယ်မြို့တွင် ဇူလိုင် ၂ ရက်တွင် ထားဝယ်လက်ရွေးစင်ဟောင်းအသင်း၊ ဇူလိုင် ၄ ရက်တွင် ထားဝယ် ယူ-၁၇ အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ဇွန် ၁၂ ရက်မှစ၍ လေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၂၆ ဦးဖြင့် ပြင်ဆင်လျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် ဇွန် ၁၈ ရက်က အိုလံပစ်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲအဖြစ် အစိမ်းရောင်အသင်းနှင့် အဝါရောင်အသင်းဟူ၍ နှစ်သင်းခွဲ၍ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ အစိမ်းရောင်အသင်းက ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံးတွင် အမာခံကစားသမားများနှင့် အရန်ကစားသမားများကို တွဲဖက်အသုံးပြုခဲ့ပြီး အစိမ်းရောင်အသင်းကို ဝင်းသိဂီထွန်း၊ ခင်မိုးဝေ၊ ခင်မာလာထွန်းတို့က ဦးဆောင်ကာ အဝါရောင်အသင်းကို ဝေဝေအောင်၊ ရီရီဦး၊ မေသူကျော်တို့က ဦးဆောင်ကစားခဲ့သည်။ ခြေစွမ်းအရ ကွာခြားမှုမရှိသော်လည်း အစိမ်းရောင်အသင်းက အခွင့်အရေးများ အသုံးချနိုင်ခဲ့သောကြောင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အစိမ်းရောင်အသင်းသည် ပထမပိုင်းတွင် လေးဂိုးပြတ်အနိုင်ရနေပြီး ဒုတိယပိုင်းတွင် နှစ်ဂိုးစီ အပြန်အလှန်သွင်းယူခဲ့သည်။ အစိမ်းရောင်အသင်းအတွက် ဂိုးများကို ဝင်းသိဂီထွန်းနှင့် ဂျူလိုင်ကျော်တို့က နှစ်ဂိုးစီ၊ လဲ့လဲ့လှိုင်နှင့် ခင်မိုးဝေတို့က တစ်ဂိုးစီသွင်းယူပြီး အဝါရောင်အသင်းအတွက် ဂိုးများကို နုနုနှင့် ရီရီဦးတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ပြည်တွင်းခြေစမ်းခရီးစဉ်ကို ကစားသမား ၂၆ ဦးစလုံး ခေါ်ဆောင်သွားမည်ဖြစ်ပြီး ဇွန် ၂၈ ရက်တွင် ထွက်ခွာမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် နည်းပြချုပ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်သန်းသန်းထွေး၊ ဂိုးနည်းပြ-ဦးမြ ကိုမင်း၊ ဂိုး-ဇာဇာမြင့် (အား/ကာသိပ္ပံ)၊ မေဇင်နွယ်၊ သန္တာဦး (မြဝတီ)၊ ခိုင်ဇာဝင်း (အား/ကာ)၊ နောက်တန်း- အိရတနာဖြိုး၊ ဝေဝေအောင်၊ ခင်မျိုးဝင်း၊ ဇင်ဇင်နိုင် (အား/ကာသိပ္ပံ)၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ခိုင်သဇင် (မြဝတီ)၊ ချစ်ချစ် (သစ္စာအားမာန်)၊ ဖြူဖြူဝင်း (YREO)၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း (သစ္စာ အားမာန်)၊ ခင်မာလာထွန်း၊ သင်းသင်းယု၊ ခိုင်သဇင်ဦး (အား/ကာသိပ္ပံ)၊ လဲ့လဲ့လှိုင် (ဇွဲကပင်)၊ မေသူကျော် (မြဝတီ)၊ ရှေ့တန်း-ခင်မိုးဝေ၊ ဂျူလိုင်ကျော် (သစ္စာအားမာန်)၊ နုနု၊ ရီရီဦး (အားကာသိပ္ပံ)၊ ဝင်းသိင်္ဂီထွန်း (မြဝတီ)နှင့်  မြတ်နိုးခင် (YREO) တို့ ပါဝင်ကြသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်