ရန်ကုန်၊ ၁၇ ဒီဇင်ဘာ
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန်အတွက် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လေ့ကျင့်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။
မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲသုံးခုအထိ ယှဉ်ပြိုင်ရမည်ဖြစ်သော ကြောင့် အချိန်ယူပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း စခန်းဝင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကစားသမားများအနေဖြင့် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲ များနှင့် တစ်နှစ်နီးပါး အဆက်ပြတ်နေသည့်အပြင် လေ့ကျင့်မှုများပြုလုပ်နိုင်ခြင်း မရှိသောကြောင့် နည်းပြချုပ် ဦးတင်မြင့်အောင် အနေဖြင့် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ခွင့်ရရန် ဆန္ဒရှိနေခြင်း ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်သည် ပဏာမကစားသမား ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး နောက်ပိုင်းမှသာ ကစားသမားများအပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။ အမျိုးသမီးလိဂ် ပြိုင်ပွဲစတင်ကျင်းပပါကလည်း ကစားသမားများ၏ ခြေစွမ်းကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ခြေစွမ်းကောင်းမွန်သည့် ကစားသမားများကို အားဖြည့်ရွေးချယ်မည်ဖြစ်သည်။
မြန်မာအမျိုးသမီး အသင်းသည် ၂၀၂၁ ခုနှစ် အစောဆုံး သြဂုတ်မှသာ နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် နှစ်လယ်ပိုင်း နောက်ပိုင်းမှသာ နိုင်ငံတကာခြေစမ်းပွဲများ စတင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် သြဂုတ်လနှင့် စက်တင်ဘာတွင် အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ စက်တင်ဘာတွင် အာရှဖလားခြေစစ်ပွဲ၊ နိုဝင်ဘာတွင် (၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲ မယှဉ်ပြိုင်ရတော့ခြင်း ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ၊
ဓာတ်ပုံ-စိုးညွန့်