၁၈  ဖေဖော်ဝါရီ

 

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဧပြီလဆန်းတွင် ယှဉ်ပြိုင်ကစားရမည့် ၂၀၂၀ တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြန်လည် လေ့ကျင့်မည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ပတ်အနားပေးကာ လာမည့်တနင်္လာနေ့တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ဦးဝင်းသူမိုးသည် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် ကစားသမား ၂၀ ကိုအခြေခံကာ ကစားသမားလေးဦး အားဖြည့်ကာပဏာမကစားသမား ၂၄ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော်ကျန်ရှိနေပြီး မတ်လတွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပခဲ့သည့် Hero Gold Cup အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် အုပ်စုသုံးပွဲနှင့် ဗိုလ်လုပွဲတစ်ပွဲအပါအဝင် လေးပွဲစလုံးအနိုင်ရကာ ချန်ပီယံဆုရခဲ့ပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် အားအင်တစ်ခုဖြစ်စေခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲတွင် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် အာဆီယံအမျိုးသမီးပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရရန် ဆောင်ရွက်မည်ဖြစ်သည်။

 

 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဦးတင်မြင့်အောင်၊ နည်းပြချုပ် - ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြ-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြ -ဦးမြကိုမင်း၊ အားကစားသမားများအဖြစ် ဂိုးသမား - ဇာဇာမြင့်၊ မေဇင်နွယ်၊ မေသဇင်ထွန်း၊ နောက်တန်း-  ဝေဝေအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ချစ်ချစ်၊ ခိုင်သဇင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း- ရူပါခိုင်၊ ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သန္တာဦး၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊ နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း - ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ လှယဉ်ဝင်း၊ ဂျူလိုင်ကျော်တို့ ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်