မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းမှ ခင်မာလာထွန်း ထိုင်းကလပ်တွင် သွားရောက်ကစားနေပြီး ပထမဆုံးပွဲမှာပင် နှစ်ဂိုးသွင်းယူ

ရန်ကုန်  ဇွန်   ၉

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ အသင်းခေါင်းဆောင် ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ်အသင်းတွင် သွားရောက်ကစားနေပြီး ပထမဆုံးပွဲမှာပင် နှစ်ဂိုးသွင်းယူ နိုင်ခဲ့သည်။

ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ် College of Asian Scholar အသင်းတွင် ကစားရန် ဇွန် ၇ ရက် နံနက်ပိုင်းက ထွက်ခွာခဲ့ပြီး ယင်းနေ့ ညနေပိုင်းမှာပင် အသင်းနှင့် စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ခင်မာလာထွန်းသည် ဇွန် ၈ ရက်က ယှဉ်ပြိုင်ကစားသည့် MH Nakhonsi အသင်းနှင့်ပွဲတွင် College of Asian Scholar အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခဲ့ကာ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။

ခင်မာလာထွန်းသည် သုံးလစာချုပ်ဖြင့် သွားရောက်ကစားခြင်းဖြစ်ပြီး ထိုင်းလိဂ်တွင် ကစားခွင့်ရသည့် ပထမဆုံး မြန်မာအမျိုးသမီးဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ခင်မာလာထွန်းသည် မြန်မာ အမျိုးသမီးဘောလုံးသမားများတွင် ဒုတိယမြောက် ပြည်ပထွက်ကစားသူဖြစ်လာပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အိန္ဒိယကလပ် ဂိုကူလန်အသင်းတွင် သွားရောက်ကစားခဲ့ခြင်းဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-College of Asian Scholar