ရန်ကုန် ၈ ဖေဖော်ဝါရီ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ဒုတိယအဆင့်ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများအား ဖေဖော်ဝါရီ ၈ ရက်က ထုတ်ပြန်ခဲ့ပြီး မြန်မာအသင်းနှင့်အတူ ဥဇဘက်ကစ္စတန်၊ ပါလက်စတိုင်းနိုင်ငံတို့အား ရွေးချယ်ခဲ့သည်။ ဒုတိယအဆင့် ခြေစစ်ပွဲကို လေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် မြန်မာအသင်းပါဝင်သော အုပ်စုအား လက်ခံကျင်းပမည်ဖြစ်သည်။ ယင်းခြေစစ်ပွဲကို ဧပြီ ၁ ရက်မှ ၉ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

ဒုတိယအဆင့်ခြေစစ်ပွဲတွင် ပထမအဆင့်မှ တက်ရောက်လာသည့် မြန်မာ၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်၊ ပါလက်စတိုင်း၊ နီပေါ၊ ဂျော်ဒန်၊ အီရန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဟောင်ကောင်တို့ ၁၀ သင်း၊ ဒုတိယအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရသည့် ဗီယက်နမ်နှင့် ဥဇဘက်ကစ္စတန် စုစုပေါင်း ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ 

တတိယအဆင့်ခြေစစ်ပွဲသို့ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ တက်ရောက်ခွင့်၇မည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် အိန္ဒိယကို နှစ်ဂိုး-တစ်ဂိုး၊ ဘင်္ဂလားဒေ့ရှ်ကို ငါးဂိုး ပြတ်ဖြင့် အနိုင်ရကာ နီပေါအသင်းနှင့် တစ်ဂိုးစီသရေကျပြီး အုပ်စုပထမဖြင့် တက်ရောက်လာခြင်းဖြစ်သည်။ ပထမအဆင့်ခြေစစ်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရခဲ့ပြီး ဒုတိယအဆင့်ကိုပါ မြန်မာနိုင်ငံအနေဖြင့် ထပ်မံကျင်းပခွင့်ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပမည့် အာရှအဆင့်ပြိုင်ပွဲများမှ ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး အာရှ ယူ-၁၆ အမျိုးသမီးခြေစစ်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်၊ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ၊ အိုလံပစ်အမျိုးသမီးခြေစစ်ပွဲကို ဧပြီး ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအားလုံးကို မန္တလေးမြို့၌ ကျင်းပမည်ဖြစ်သည်။

သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်