ရန်ကုန်   ဇွန်    ၈

မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် မလေးရှားကလပ် ဆာဘား အသင်းနှင့်   သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားသည်။

ဝင်းသိင်္ဂီထွန်းသည် ပြီးခဲ့သည့်နှစ်ကတည်းက ဆာဘားအသင်းတွင်  သွားရောက်ကစားခဲ့သူဖြစ်ပြီး  ဧပြီလလယ်မှ  ဒီဇင်ဘာလအထိ စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။  ဝင်းသိင်္ဂီထွန်းသည် နီပေါလေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲတွင်  မြန်မာ့လက်ရွေးစင်အသင်းနှင့် ချန်ပီယံဆုရပြီး နှစ်လနီးပါး အကြာတွင် ဆာဘားအသင်းနှင့် ပြန်လည်ပူးပေါင်းနေခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ဆာဘား အသင်းနှင့်အတူ မလေးရှား ပြည်တွင်းလိဂ်နှင့် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီးဘောလုံး သမားများတွင် ပထမဆုံး ပြည်ပထွက် ကစားသူအဖြစ် မှတ်တမ်းဝင်ထားပြီး အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားကလပ်အသင်းများတွင် ကစား ခဲ့သူဖြစ်သည်။

ဝင်းသိင်္ဂီထွန်းသည် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ဂိုးအများဆုံးသွင်း ယူထားသူ ဖြစ်သလို လက်ရွေးစင်အသင်းတွင် ကာလရှည်ရွေးချယ်ခံထားရသူဖြစ်သည်။

ညီမြတ်သော်တာ

ဓာတ်ပုံ - Sabah FC