၂၀ အောက်တိုဘာ
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။
MFF သည် အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်ညနေပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့သော်လည်း အောက်တိုဘာ ၂၀ ရက်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။ MFF သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် ယခင်နည်းပြ မွန်တီနီဂရိုးနိုင်ငံသား ရာဒူလိုဗစ်နှင့် လမ်းခွဲခဲ့ပြီး ယခင်နည်းပြဟောင်းဖြစ်သူ ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ အန်တွမ်နီဟေးသည် ၂၀၁၈ ခုနှစ် မေလမှ ဒီဇင်ဘာအထိ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် မလေးရှားကို ရှုံးပြီး အုပ်စုအဆင့်မှထွက်ခဲ့ရသောကြောင့် ယင်းပြိုင်ပွဲအပြီးတွင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။ ရာဒူလိုဗစ်သည် ယခုနှစ် ဧပြီလမှ စတင်ခန့်အပ်ခံရသော်လည်း ခြောက်လအကြာမှာပင် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင် နိုင်ငံတကာခြေစမ်းပွဲတစ်ပွဲ၊ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲ ကစားရမည်ဖြစ်ပြီး အန်တွမ်နီဟေးအနေဖြင့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ရလဒ်ကောင်းရရန် ကြိုးပမ်းရမည်ဖြစ်သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်