၂၅ ဒီဇင်ဘာ
ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုသည် ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်း အသင်းတွင် အငှားသွားရောက်ကစားမည် ဖြစ်သည်။
လှိုင်းဘိုဘိုသည် ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်-၁ ပြိုင်ပွဲ ဒုတိယ အကျော့ပွဲစဉ်များတွင် ဆူခိုထိုင်းအသင်း၌ အငှားသွားရောက်ကစားခြင်းဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ လှိုင်းဘိုဘိုသည် ပြည်ပကလပ်အသင်းများတွင် ပထမဆုံးသွားရောက်ကစားခြင်းဖြစ်သည်။
လှိုင်းဘိုဘိုသည် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိကကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၅၊ ၂၀၁၇၊ ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းများတွင်လည်း ပါဝင်ကစားခွင့်ရခဲ့သူဖြစ်သည်။ ထိုင်းလိဂ် ရာသီဝက်အပြောင်းအရွှေ့ကာလတွင် မြန်မာကစားသမားနှစ်ဦး ထိုင်းလိဂ်-၁ ကလပ်များသို့ ပြောင်းရွှေ့ခဲ့ပြီး အောင်သူပြီးနောက် လှိုင်းဘိုဘိုလည်း ပြောင်းရွှေ့ကစားမည်ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀-၂၀၂၁ ရာသီ ထိုင်းလိဂ်-၁ တွင် မြန်မာကစားသမားလေးဦး၊ ထိုင်းလိဂ်-၂ တွင် မြန်မာကစား သမားနှစ်ဦး ပါဝင်ကစားလျက်ရှိပြီး ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းတွင် ဇော်မင်းထွန်းနှင့် လှိုင်းဘိုဘို၊ ဘူရီရမ်အသင်းတွင် အောင်သူ၊ ထရတ်အသင်းတွင် ဆွမ်လမန်၊ ထိုင်းလိဂ်-၂ ကလပ် ခွန်ကန်အသင်းတွင် အောင်ကောင်းမာန်နှင့် ချင်းမိုင်ယူနိုက်တက်အသင်းတွင် ကျော်ကိုကိုတို့ ပါဝင်ကစားလျက်ရှိသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်