ရန်ကုန် ၂၆ ဇွန်
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ၂၀၁၉ အာဆီယံ ဖူဆယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် ဇူလိုင်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရမည့် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲအတွက် ပြင်ဆင်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ဆက်လက်တာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။ နည်းပြချုပ်ဦးဌေးမြင့်သည် ကစားသမားများရွေးချယ်ရန် ယခုနှစ်အတွင်း ကျင်းပခဲ့သည့် ဖူဆယ်လိဂ်ပြိုင်ပွဲ၊ ရန်ကုန်မြို့၌ ကျင်းပသည့် MFF Open Cup ပြိုင်ပွဲတို့ကို စောင့်ကြည့်ခဲ့ပြီး မန္တလေးမြို့၌ ထပ်မံကျင်းပမည့် Open Cup ပြိုင်ပွဲကိုလည်း ကြည့်ရှုမည်ဖြစ်ကာ ယင်းပြိုင်ပွဲအပြီးတွင် ပဏာမလူစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်သည်။ မြန်မာအမျိုးသား ဖူဆယ်အသင်းအနေဖြင့် အာဆီယံပြိုင်ပွဲတွင် အောင်မြင်မှုရရန် အချိန်ယူပြင်ဆင်ခြင်းဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ ဖိတ်ခေါ်ပြိုင်ပွဲနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ၂၀၁၉ အာဆီယံဖူဆယ်ပြိုင်ပွဲကို အောက်တိုဘာ ၂၁ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ခ) တွင် မလေးရှား၊ အင်ဒိုနီးရှား၊ သြစတြေးလျတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေကာ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ထိုင်း၊ ဗီယက်နမ်၊ တီမောနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။
မြန်မာဖူဆယ်အသင်းသည် ပြိုင်ပွဲတစ်လျှောက် ဒုတိယဆုတစ်ကြိမ်၊ တတိယဆုနှစ်ကြိမ် ရရှိခဲ့ပြီး ယင်းသုံးကြိမ်စလုံးတွင် ပြည်တွင်းနည်းပြများ၏ စွမ်းဆောင်မှုဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိနည်းပြ ဦးဌေးမြင့်သည် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းကို အတိုင်းအတာတစ်ခုထိ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးထားသူဖြစ်ပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် အောင်မြင်မှုမရသော်လည်း ၂၀၁၆ ပြိုင်ပွဲတွင် ဒုတိယနှင့် ၂၀၁၇ ပြိုင်ပွဲတွင် တတိယဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ၎င်းလက်ထက်မှ ပထမဆုံး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်ရှိုင်း