၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် အသင်းသည် နိုဝင်ဘာ ၁၇ ရက်က တူရကီအပျော်တမ်းကလပ် Antalya Hal Spor Kulubu အသင်းနှင့် ခြေစမ်းကစားရာ ရှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာလကုန်ပိုင်းကတည်းက တူရကီနိုင်ငံ၌ လေ့ကျင့်နေပြီး တတိယမြောက် ခြေစမ်းပွဲကစားခြင်းဖြစ်သည်။  မြန်မာ့လက်ရွေးစင်အသင်းသည် Antalya Hal Spor Kulubu အသင်းနှင့် ခြေစမ်းပွဲကစားခဲ့ကြောင်း နည်းပြချုပ်ဖြစ်သူ အန်တွမ်နီဟေးက ၎င်း၏တွစ်တာမှတစ်ဆင့် ရေးသားဖော်ပြခဲ့ပြီး ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်) က ခြေစမ်းပွဲကစားရာ ရှစ်ဂိုးပြတ်အနိုင်ရခဲ့ကြောင်း၊ ပုံစံကောင်းပြသနိုင်ခဲ့ပြီး အောင်ကောင်းမာန်က သုံးဂိုးသွင်းယူခဲ့ကြောင်း စသည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် သုံးပွဲကစားထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထား သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီအပျော်တမ်းကလပ်များဖြစ်သော မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ Antalya Hal Spor Kulubu အသင်းကို ရှစ်ဂိုးပြတ်အနိုင်ရပြီး အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။


မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်