၁၅ မတ်
ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကာလတိုလေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အသင်းသည် မတ် ၁၇ ရက်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ကာလတိုလေ့ကျင့်သော်လည်း ကစားသမားများ၏ ခြေစွမ်းကိုသိရှိနိုင်ရန် ခြေစမ်းပွဲကစားခြင်းဖြစ်ပြီး MNL တွင် လာရောက်ကစားနေသည့် နိုင်ငံခြားသားကစားသမားများကို အသင်းဖွဲ့ကာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ယခင်က မတ် ၂၀ ရက်အထိ လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ပြည်တွင်းလိဂ်ပွဲစဉ် အပြောင်းအလဲကြောင့် လေ့ကျင့်ရက်လျှော့ချခဲ့သကဲ့သို့ ခြေစမ်းပွဲကိုလည်း မတ် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၃ ဦးဖြင့် ဖွဲ့စည်းထားသော်လည်း ဟိန်းသီဟဇော်နှင့် ဇင်ဖြိုးအောင်တို့ကို ဒဏ်ရာကြောင့် ပြန်လည်စေလွှတ်ခဲ့သောကြောင့် ၂၁ ဦးသာ ကျန်ရှိတော့ပြီး ဆက်လက်လေ့ကျင့်လျက်ရှိသည်။ MNL နိုင်ငံခြားသားများအသင်းကို လက်ရှိ MNL ပြိုင်ပွဲတွင် ကစားနေသည့် ကစားသမား ၂၆ဦး အနက် ရွေးချယ်မည်ဖြစ်ပြီး ဒဏ်ရာပြဿနာရှိနေသည့် ရှမ်းတိုက်စစ်မှူး ကိသ်မာတူနာနှင့် ရခိုင်တိုက်စစ်မှူး ဆန်းဒေးမက်သရူးတို့မှာ ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရသည်။ MNL ကလပ်အသင်းများသည် ဂိုးသမားနေရာတွင် ပြည်တွင်းဂိုးသမားများကိုသာ အသုံးပြုနေသောကြောင့် MNL နိုင်ငံခြားသားများအသင်းတွင် လက်ရွေးစင်အသင်းမှ ဂိုးသမားတစ်ဦးကသာ တာဝန်ယူကစားရဖွယ်ရှိနေသည်။ ယင်းခြေစမ်းပွဲကို ညနေ ၅ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်အဖြစ် အန်တွမ်နီဟေး (ဂျာမနီ)၊ လက်ထောက်နည်းပြများအဖြစ် ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးအောင်ကျော်မိုး၊ ဂိုးနည်းပြအဖြစ် ဦးစိုင်းမောင်မောင်ဦး၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ထက် (ရန်ကုန်)၊ ကျော်ဇင်ဖြိုး (ဧရာဝတီ)၊ ပြည့်လျှံအောင် (ရတနာပုံ)၊ နောက်တန်း- ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ငြိမ်းချမ်း (ရှမ်းယူနိုက်တက်)၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် (ရတနာပုံ)၊ သိန်းသန်းဝင်း၊ ထိုက်ထိုက်အောင် (ရန်ကုန်)၊ ကျော်ဇင်လွင် (ဧရာဝတီ)၊ အလယ်တန်း- မောင်မောင်လွင်၊ မောင်မောင်ဝင်း (ရန်ကုန်)၊ လွင်မိုးအောင် (ဧရာဝတီ)၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း (ရတနာပုံ)၊ ရန်နိုင်ဦး၊ ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်)၊ ရှေ့တန်း- အောင်သူ (ရတနာပုံ)၊ သန်းပိုင် (ရန်ကုန်) နှင့် ပြည်မိုး (မကွေး) တို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်