ရန်ကုန် ၂၂ ဇွန်
မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲတစ်ခု ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်ပြီး နှစ်ကုန်ပိုင်းတွင်ပြုလုပ်မည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြီးခဲ့သည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲအားလုံး ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယင်းပြိုင်ပွဲများအနက် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ ပြန်လည် ကျင်းပခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် ကျင်းပမည် ဖြစ်သော်လည်း ၂၀၂၀ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲအမည်ဖြင့်သာ ဆက်လက် ကျင်းပမည်ဖြစ်သည်။
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍ | ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုမဲခွဲပွဲအခမ်းအနားကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ် မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပမည့်ပုံစံကို ဇူလိုင်လတွင် အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန် ဆောင်ရွက်နေသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် အိမ်ကွင်း၊ အဝေးကွင်းပုံစံ မကျင်းပနိုင်ပါက အိမ်ရှင်နိုင်ငံတစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံ ရွေးချယ်၍ ပြုလုပ်သွားဖွယ် ရှိနေသည်။
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိပြီး ၁၂ ကြိမ် ကျင်းပပြီးစီးထားပြီးဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် မေ ၂၈ ရက်မှ ဇွန် ၁၅ ရက်အတွင်း ပြုလုပ်ခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလား နှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး အာဆီယံဆူဇူကီး ဖလား ပြိုင်ပွဲနီးကပ်မှသာ ပြန်လည်လေ့ကျင့်ဖွယ်ရှိနေသည်။ မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့် ပြင်ဆင်မည့်အစီအစဉ်များကို နည်းပြချုပ် အန်တွမ်နီဟေးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီတို့ ညှိနှိုင်းဆောင်ရွက်သွားဖွယ်ရှိနေသည်။
ရဲရင့်လွင်