နေပြည်တော် ၁၀ မတ်
မြန်မာ့လက်ရွေးစင်အသင်း၏ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့သောကြောင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီသည် ၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲကျင်းပမည့်ရက်များ ပြောင်းလဲကျင်းပသွားမည် ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် မတ် ၁၀ ရက်က ကလပ်အသင်းများမှ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ် ပြီးနောက် ပထမအကျော့ ပွဲစဉ် (၁၀) နှင့် (၁၁) ကျင်းပမည့်ရက်ကို ထပ်မံပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပွဲစဉ် (၁၀) ကို မတ် ၂၈၊ ၂၉ ရက်၊ ပွဲစဉ် (၁၁) ကို ဧပြီ ၄၊ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။
ပြောင်းလဲလိုက်သည့်ပွဲစဉ်အရ ပွဲစဉ် (၁၀) အဖြစ် မတ် ၂၈ ရက်တွင် မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် အားကာသိပ္ပံအသင်း၊ သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် ရခိုင်အသင်း၊ မတ် ၂၉ ရက်တွင် ပဲခူးကွင်း၌ ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Southern အသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ချင်းယူနိုက်တက်အသင်း၊ ပွဲစဉ် (၁၁) အဖြစ် ဧပြီ ၄ ရက်တွင် YUSC ကွင်း၌ ရန်ကုန်အသင်းနှင့် ဟံသာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ရခိုင်အသင်း၊ မန္တလာသီရိကွင်း၌ ရတနာပုံအသင်းနှင့် မကွေးအသင်း၊ ဧပြီ ၅ ရက်တွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် အားကာသိပ္ပံအသင်း၊ မုံရွာကွင်း၌ စစ်ကိုင်းအသင်းနှင့် ဧရာဝတီအသင်း၊ သုဝဏ္ဏကွင်း၌ ချင်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ပွဲစဉ်အပြောင်းအလဲကြောင့် ပထမအကျော့ပွဲစဉ်များမှာ ဧပြီပထမပတ်မှာပင် ပြီးဆုံးမည်ဖြစ်သည်။ မြန်မာနေရှင်နယ် လိဂ်ကော်မတီနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖေဖော်ဝါရီလက အစည်းအဝေးပြုလုပ်၍ မြန်မာ့လက်ရွေးစင် အသင်း မတ်လတွင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ပိုမိုရရှိစေရန် ပွဲစဉ် (၁၀)နှင့် (၁၁)ကို ရက်ပြောင်းလဲခဲ့သော်လည်း ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် COVID-19 ကြောင့် ခြေစစ်ပွဲများ ရွှေ့ဆိုင်းခဲ့ရာ MNL ပွဲစဉ်များကိုလည်း ပြန်လည်ပြောင်းလဲခဲ့ရခြင်း ဖြစ်သည်။
ပွဲစဉ် (၉) အပြီးတွင် နှစ်ပတ်ကျော်ရပ်နားမည်ဖြစ်ပြီး ပွဲစဉ် (၉) အပြီးတွင် ဟံသာဝတီအသင်းက ၂၄ မှတ်ဖြင့် ဆက်လက် ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၃ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၂၀၊ လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၁၇ မှတ်၊ ရခိုင်အသင်းက ၁၅ မှတ်၊ စစ်ကိုင်းအသင်းက ၁၃ မှတ်၊ ရတနာပုံအသင်းက ၁၀ မှတ်၊ မကွေးနှင့် အားကာသိပ္ပံအသင်းက ခုနစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခြောက်မှတ်၊ Southern နှင့် ချင်းယူနိုက်တက်အသင်းက လေးမှတ်စီ ရရှိထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်