မေယု-မျိုးအောင် (MANA)
ပညာရေးလေ့လာဆန်းစစ်သူတို့က လူ့သမိုင်းတွင် ပညာရေးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။ ယင်းပညာရေးပေါက်ကွဲမှုများမှာ ရှေးအခါက အက္ခရာကို စတင်တီထွင်ခဲ့ချိန်၊ စာပုံနှိပ်စက်ကို စတင်တီထွင်သူ ဂူတင်ဘတ်ကြောင့် ပုံနှိပ်ပညာတစ်ဟုန်ထိုး ထွန်းကားခဲ့ချိန်နှင့် မျက်မှောက်ကာလ အင်တာနက်နှင့် ခေတ်မီဆက်သွယ်ရေးစနစ် စတင်ဖွံ့ဖြိုးချိန်တို့ဖြစ်သည်။အစဉ်အလာပညာရေးစနစ်သည် လူ့တန်ဖိုးကို မြင့်မားစေရန် ကြံဆောင်ပေးနေသကဲ့သို့ ပညာဗဟုသုတ တိုးပွားစေရေးကိုလည်း အလေးထားခဲ့သဖြင့် သမိုင်းတစ်လျှောက် တရွေ့ရွေ့ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ အင်တာနက်နှင့် ခေတ်မီဆက်သွယ်ရေးစနစ်သည် ပညာရေးကို များစွာလွှမ်းမိုးသည့် အကြောင်းတရားတစ်ခု ဖြစ်လာသည်။ ခေတ်သစ်စာသင်ခန်းများသည် ကွန်ပျူတာနှင့် နည်းပညာမပါဘဲ တည်ဆောက်၍မရတော့သည့် အနေအထားမျိုးဖြစ်လာသည်။ နိုင်ငံအများစုသည် ၂၀ ရာစုတွင် ကျင့်သုံးခဲ့သော ဆရာဗဟိုပြုသင်ကြားရေးစနစ်မှ ကျောင်းသားဗဟိုပြုစာသင်ခန်းများဖြင့် ကျောင်းသားအချင်းချင်း ပူးပေါင်းသင်ယူခြင်း၊ ဆရာနှင့်ကျောင်းသား ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကို အခြေခံသည့်စနစ်သို့ ပြောင်းလဲခဲ့ကြသည်။
၂၁ ရာစု ပညာရေးစနစ်တွင် ကျောင်းသားများကို ကျွမ်းကျင်စွာရေးတတ်၊ ဖတ်တတ်၊ ပြောတတ်စေရန် သင်ကြားပေးနိုင်ရုံဖြင့် မလုံလောက်တော့ဘဲ ပြဿနာအခြေပြုသင်ကြားခြင်း၊ စီမံကိန်းအခြေပြု သင်ကြားခြင်းများအဖြစ် ပြောင်းလဲခဲ့ကြသည်။ နိုင်ငံအများအပြား၏ သင်ရိုးညွှန်းတမ်းများတွင် အသိပညာ၊ အတတ်ပညာကျွမ်းကျင်မှု၊ မီဒီယာ၊ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာတတ်မြောက် မှု၊ လက်တွေ့ဘဝနှင့် ကိုက်ညီသည့် ဘာသာရပ်ဖြစ်မှု စသည့် အခြေခံအချက်များပါဝင်ရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။ ပညာရေးကို လူတိုင်းလက်လှမ်းမမီနိုင်သေးခြင်းမှာ ကမ္ဘာကြီးအတွက် ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေသည်။ နိုင်ငံအချို့တွင် အွန်လိုင်းပလက်ဖောင်းများ၊ တီဗွီ၊ ရေဒီယို အစီအစဉ်များဖြင့် အဝေးသင်ပညာရေး ပလက်ဖောင်းများအသုံးပြု၍ သင်ယူမှုမပြတ်တောက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ ဒစ်ဂျစ်တယ်နှင့် ကွာဟမှုရှိနေသည့် သုံးပုံတစ်ပုံကျော်သော ကျောင်းသားများအတွက်မူ အဆိုပါသင်ကြားမှုမျိုးကို လက်လှမ်းမမီဖြစ်နေရသည်။
ကမ္ဘာတစ်ဝန်း ပဋိပက္ခနယ်မြေရှိကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံး
ကုလသမဂ္ဂ၏အဆိုအရ ကမ္ဘာတစ်ဝန်းပဋိပက္ခ နယ်မြေရှိကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်။ ကျောင်းပြင်ပရှိကလေးများသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အလွဲသုံးမှု၊ လူသစ် စုဆောင်းမှုတို့၏ ပစ်မှတ်များဖြစ်နေသည်။ ကမ္ဘာတစ်ဝန်းရှိ ကလေးများနှင့် ဆယ်ကျော်သက် ၂၄၄ သန်းသည် ကျောင်းဝင်ခွင့် သို့မဟုတ် ပညာသင်ယူမှု ပြီးမြောက်ရန် အခွင့်အလမ်းမရှိဖြစ်နေပြီး အရွယ်ရောက်ပြီးသူ ၆၁၇ သန်းသည်လည်း စာမတတ်ကြသေးပေ။ အာဖဂန်နစ္စတန်နိုင်ငံကဲ့သို့သော ဘာသာ ရေးအစွန်းရောက်နိုင်ငံများတွင် အမျိုးသမီးများ ပညာသင်ယူခွင့် ဆုံးရှုံးနေရဆဲဖြစ်သည်။ ပညာရေး စနစ်ဟူသည် နိုင်ငံတစ်နိုင်ငံ အဆင့်အတန်း ဘယ်လောက်မြင့်သလဲဆိုသည့် အချက်ကိုတိုင်းတာပေးနိုင်သည့်အရာဖြစ်လျှင် ပညာရေးစနစ်ကောင်းများကို ဖော်ထုတ်ပေးမည့်သူမှာ အစိုးရဖြစ်သည်ကို ထွေထွေထူးထူး ရှင်းပြနေစရာပင်လိုမည်မဟုတ်ပေ။ အစိုးရမှာ သာမန်အစိုးရမဟုတ်၊ ပညာရေးကို အသားပေး အလေးပေးခဲ့သည့် အစိုးရဖြစ်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်းကို ကြည့်မည်ဆိုလျှင် ကိုလိုနီနယ်ချဲ့ဗြိတိသျှတို့ အုပ်ချုပ်သောခေတ်တွင်ပင် ပညာရေးကို အလေးထားခဲ့သောကြောင့် ရန်ကုန်တက္ကသိုလ်ကဲ့သို့ ဒေသတွင်းနိုင်ငံများအကြား များစွာထင်ရှားကျော်ကြား သည့် ရန်ကုန်တက္ကသိုလ် ပေါ်ပေါက်ခဲ့သည့်အပြင် ကိုလိုနီအုပ်ချုပ်ရေးစနစ်၏ ဗျူရိုကရေစီယန္တရား အလို့ငှာ မြန်မာပညာတတ်၊ ထူးချွန်ထက်မြက်သူ များစွာပေါ်ထွန်းစေနိုင်ခဲ့ပေသည်။
ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း လွတ်လပ်၍ ခေတ်မီသော ပညာရေးမူဝါဒတို့ကြောင့် ထူးချွန်သော မြန်မာလူငယ်များစွာ လေ့ကျင့်ပျိုးထောင်ပေးနိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် နိုင်ငံတကာမှ ပညာတော်သင်ကျောင်းသားများ လာရောက် လေ့လာသင်ကြားရသည်အထိ အဆင့်အတန်း မြင့်မားခဲ့သည်။ လမ်းစဉ်ပါတီခေတ်တွင် နယ်ပယ်အသီးသီးရှိ ထိပ်ပိုင်းနေရာများ၌ ဦးစီးဦးဆောင် နိုင်ခဲ့ကြပေသည်။ တော်လှန်ရေးကောင်စီခေတ်နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်တို့တွင်လည်း ယခင်စနစ်ဟောင်းမှ ကျန်ရှိနေသေးသော လူချွန်၊ လူတော်ကြီးများနှင့် ထိတွေ့ပညာသင်ခွင့်ရခဲ့သောကြောင့် အတိုင်းအတာတစ်ခုလောက်အထိ ထူးချွန် ထက်မြက်သူများ မွေးထုတ်ပေးနိုင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာ စာတမ်းအရ လူတိုင်းပညာသင်ကြားခွင့်ရှိပြီး ၁၉၈၉ ခုနှစ်တွင် လက်ခံကျင့်သုံးခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းက နိုင်ငံတိုင်း အဆင့်မြင့်ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်စေရမည်ဟု ဆိုထားသည်။ ကုလသမဂ္ဂ၏ စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်(၄)သည် အားလုံး ပါဝင်နိုင်၍ သာတူညီမျှသော အရည်အသွေးရှိသည့် ပညာရေးကို သေချာစေရန်နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် အားလုံးအတွက် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကိုမြှင့်တင်ရန် ရည်ရွယ်ထားသည်။ ပညာရေးသည် နိုင်ငံအားလုံး၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် သော့ချက်ဖြစ်သည်။ ပညာသင်ယူခွင့်ရှိခြင်းသည် ကုလသမဂ္ဂ၏ အခြားသော ရည်မှန်းချက်များဖြစ်သည့် ဆင်းရဲမွဲတေမှုကို ပုံစံအမျိုးမျိုးဖြင့် အဆုံးသတ်ခြင်း၊ ငတ်မွတ်ခေါင်းပါးမှုကို တိုက်ဖျက်ခြင်း၊ လူတိုင်းအတွက် သင့်တင့် လျောက်ပတ်သော အလုပ်အကိုင်ရရှိစေခြင်းတို့နှင့်လည်း ဆက်နွှယ်လျက်ရှိသည်။ ကလေးသူငယ်တို့၏ ပညာသင်ယူခွင့်ကို နည်းပေါင်းစုံဖြင့် လမ်းဖွင့်ပေးထားရန်နှင့် ပညာသင်ကြားခွင့်ကို အဟန့်အတားဖြစ်စေမည့် လုပ်ဆောင်မှုမှန်သမျှကို အထူး ရှောင်ကြဉ်ရန် လိုအပ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွက်ချက်ရာ၌ ကျန်းမာရေးတွင် လူ့ဘဝမျှော်မှန်းသက်တမ်း၊ ပညာရေးတွင် စာတတ်မြောက်နှုန်းနှင့် လူနေမှု အဆင့်အတန်းတွင် တစ်ဦးချင်းဝင်ငွေ စသည့်အချက်များကို ထည့်သွင်းတိုင်းတာလေ့ရှိသည်။ စာတတ်မြောက်မှုနှုန်း နိမ့်ကျခြင်းသည် လူတစ်ဦး ချင်းစီ၏ ရိုက်ခတ်မှုရှိသည်။ ကမ္ဘာကြီးသည် ပုံစံအမျိုးမျိုးဖြင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း စာတတ်မြောက်မှုနှင့်ပတ်သက်လာလျှင် အခက် အခဲများစွာဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ စစ်တမ်းများအရ ကမ္ဘာတစ်ဝန်းတွင် ကျောင်းမတက်ဖူးသည့် ကလေးများနှင့် အရွယ်မရောက်သေးသူ သန်းပေါင်း ၂၆၀ ကျော်ရှိပြီး ကလေးများနှင့် အရွယ်မရောက် သေးသူ ၆၁၇ သန်းခန့်တွင် ၁ဝ ဦးလျှင် ခြောက်ဦး မှာ အခြေခံ အရေး၊ အဖတ်၊ အတွက် တတ်မြောက်ခြင်းမရှိကြပေ။ ယနေ့အထိတိုင် အရေး၊ အဖတ်၊ အတွက် စာတတ်မြောက်မှုမရှိသည့် လူငယ်၊ လူကြီး ၇၇၃ သန်းအနက် သုံးပုံနှစ်ပုံသည် အမျိုးသမီးများ ဖြစ်နေသည်။ နည်းပညာများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးသည့်ကမ္ဘာကြီးတွင် စာမတတ်သူဦးရေ အများအပြားရှိနေခြင်းက အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့စေသည်။
၃ ဒသမ ၅ သန်းခန့်မှာ သက်ကြီးစာမတတ်သူများဖြစ်
စက်တင်ဘာလ ၈ ရက်နေ့သည် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ ၁၉၆၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပသော နိုင်ငံပေါင်း ၈၉ နိုင်ငံမှ ပညာရှင်များ၏ ကမ္ဘာ့စာတတ် မြောက်ရေးညီလာခံမှ ကမ္ဘာတစ်ဝန်း စာမတတ်သူ ပပျောက်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ထိုရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်က စာတတ်မြောက်ရေးလှုပ်ရှားမှု (အသုံးလုံး)ကို အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့ရာ ထိုသို့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများအတွက် ယူနက်စကိုက မြန်မာနိုင်ငံအား ၁၉၇၁ ခုနှစ်တွင် မိုဟာမက်ရီဇာ ပါလာဗီဆုကိုလည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် နိုမာဆုကိုလည်းကောင်း ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည်လည်း ၂ဝဝဝ ပြည့်နှစ်တွင် ၉၁ ရာခိုင်နှုန်း၊ ၂ဝ၁၁ ခုနှစ်တွင် ၉၅ ဒသမ ဝ၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်းပါ အချက်အလက် များတွင် မြန်မာနိုင်ငံ လူဦးရေ၏ ၈၉ ဒသမ ၅ ရာခိုင် နှုန်းသည် ဘာသာစကားတစ်ခုခုကို ရေးတတ်၊ ဖတ်တတ်သည်။ အသက်(၁၅)နှစ်နှင့်အထက် ၃ ဒသမ ၅ သန်းခန့်မှာ သက်ကြီးစာမတတ်သူများ ဖြစ်ကြပြီး အသက်(၁၅)နှစ်အောက် သက်ငယ် စာမတတ်သူများမှာ ၂ ဒသမ ၇ သန်းခန့်ရှိနေသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းပြင်ပ ပညာရေးကို ဆက်လက်အကောင်အထည်ဖော်မှုကြောင့် အောင်မြင်မှုအချို့ ရရှိခဲ့သော်လည်း အခက်အခဲများနှင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပညာရေးတွင် နည်းပညာကို အထောက်အကူပြုပစ္စည်းတစ်ခုအနေဖြင့် သုံးစွဲလာရတော့မည်
နည်းပညာခေတ်ကို ရောက်လာပြီဖြစ်သဖြင့် ပညာရေးတွင်လည်း နည်းပညာကို အထောက်အကူ ပြုပစ္စည်းတစ်ခုအနေဖြင့် မဖြစ်မနေ သုံးစွဲလာရတော့မည်ဖြစ်သည်။
အထက်တန်းအဆင့် ပညာသင်ကြားရေးတွင် နည်းပညာကို လိုအပ်ချက်တစ်ရပ်အနေဖြင့် ထည့်သွင်းမသင်ကြားပေးနိုင်သေးပါက ကမ္ဘာ့အဆင့်ပညာရေးကို တက်လှမ်းနိုင်ပြီဟု မဆိုနိုင်သေးပေ။ ကမ္ဘာ့ပညာရေးက မည်သည့်လမ်းကြောင်းဆီသို့ ဦးတည်ပြီး ပြောင်းလဲနေသနည်း။ သတိပြုရမည့်အချက်များမှာ ဒစ်ဂျစ်တယ်ခေတ်ကို လက်ခံလျှင် ဒစ်ဂျစ်တယ်စီးပွားရေးခေတ် (Digital Economy) ခေတ်ရောက်ပြီဆိုခြင်းကိုလည်း လက်ခံရပေလိမ့်မည်။ အနာဂတ်ပညာရေးသည် အစဉ်အလာ စာရွက်၊ စာအုပ်ပညာရေးမဟုတ်။ ကွန်ပျူတာပေါ်တွင် ပရိုဂရမ်ရေးထုတ်သည့် Programming Skills များ ဖြစ်လာစေရန် တီထွင်သင်ကြားပေးရမည့် ပညာရေးဖြစ်လာသည်။ ကွန်ပျူတာသုံးတတ်ရုံအဆင့် မဟုတ်ပေ။ ကွန်ပျူတာကုတ်ရေးတတ်မှ ဖြစ်တော့မည်ဆိုသည့် အဆင့်ကို တက်လှမ်းလာပြီဖြစ်ကြောင်း သဘောပေါက်ထားသင့်သည်။ ကျောင်းသားများကို ကွန်ပျူတာသုံးတတ်သည့်အဆင့်မှသည် ကွန်ပျူတာကို ထိန်းချုပ်ခိုင်းစေနိုင်သည်အထိ ခေတ်က ပြောင်းလဲလာပြီဖြစ်သည်။ ကွန်ပျူတာနှင့် ပရိုဂရမ်များအပြင် ဆော့ဖ်ဝဲဖန်တီးမှု အတတ်ပညာများကို မသင်ပေးနိုင်လျှင် ခေတ်နောက်ကျကျန်ခဲ့မည် ဖြစ်သည်။
ပညာရေးဆိုသည်မှာ ပေးတာယူ၊ ကျွေးတာ စားအဆင့်မှသည် လိုသလောက်ရယူ ဖန်တီးဆိုသည့် အဆင့်ကို ရောက်လာပြီဖြစ်သည်။ ကွန်ပျူတာနှင့် ပရိုဂရမ်ပေါင်းများစွာက ကျောင်းသားများကို တီထွင်ဖန်တီးလိုစိတ်များ တိုးမြှင့်ပေးနိုင်သည်။
စာတတ်မြောက်ခြင်းသည် ပညာရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လူသားတစ်ဦး၏ အခွင့်အရေးလည်းဖြစ်သည်။ လူတိုင်းစာတတ်မြောက်ခြင်းသည် လူသားဖွံ့ဖြိုးတိုးတက်မှု၏ တွန်းအားတစ်ခုဖြစ်၍ လူ့အဖွဲ့အစည်း၌ အရေးပါသော အခန်း ကဏ္ဍတစ်ရပ်အဖြစ်ရှိနေသည်။ ကျောင်းပြင်ပ ရောက်ကလေးသူငယ်များပြားနေခြင်း၊ စာမတတ် သူဦးရေ များပြားနေခြင်းသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ သင်ယူမှုဆုံးရှုံးရခြင်း၏ သက်ရောက်မှုကို အလျင်အမြန် တုံ့ပြန်ကုစားရန် လိုအပ်သည်။ စာမတတ်သူတစ်ဦးချင်းအတွက်သာမက နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုပါ အနုတ် လက္ခဏာဆောင်စေမည်ဖြစ်သည်။ ပညာလူ့အဖွဲ့အစည်း၏ ဆောင်ပုဒ်မှာ ပညာသည်သာအခရာဖြစ်သည်။ ဥစ္စာဓနကြွယ်ဝမှု၊ လက်ရုံးကြီးမှုများဖြင့် စိုးမိုးသည့်ခေတ်သည် အတိတ်တွင်ကျန်ခဲ့ပြီဖြစ်ကာ အသိပညာ၊ အတတ်ပညာ၊ ပြည့်ဝသူများသာ ဦးဆောင်သည့်ခေတ်သို့ ရောက်နေပြီဖြစ်ရာ အနာဂတ်လူငယ်များအနေဖြင့် နည်းပညာမြင့်စာပေများ လေ့လာသင်ယူကြရန် တိုက်တွန်းရေးသားလိုက် ရပါသည်။ ။